Monday, July 23, 2012

ခြောက်လကျော်အတွင်း ခရီးသည်ယာဉ် တိုက်မှုကြောင့် ရန်ကုန်မြို့တွင်း ၆၇ ဦး သေဆုံး

ယာဉ်အသွားအလာ ရှုပ်ထွေးသည့် ရန်ကုန်မြို့ တနေရာ။ ဓါတ်ပုံ - မဇ္ဈိမ



ရန်ကုန် (မဇ္ဈိမ)။    ။ ခရီးသည်ယာဉ်တိုက်မှုကြောင့် ယခုနှစ် ပထမ ခြောက်လပတ် ကျော်ကာလအတွင်း  ရန်ကုန်မြို့အတွင်း သေဆုံးသူ ၆၇ ဦးရှိခဲ့ပြီး ၄၅၆ ဦး ဒဏ်ရာရခဲ့ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။

ဇန်န၀ါရီလမှ ဇူလိုင်လလည်အထိ “ယာဉ်တိုက်မှုစုစုပေါင်း  ၁၄၃ မှု ဖြစ်ပွားတဲ့အထဲမှာ မဆင်မခြင် မောင်းနှင်မှုကြောင့် အများဆုံး
ဖြစ်ပွားခဲ့တာပါ။ ဒုတိယအများဆုံးကတော့ အရှိန်ပြင်းမောင်းလို့
ဖြစ်တာပါ” ဟု ဦးလှအောင်က ဆိုသည်။

ခရီးသည်တင် ယာဉ်လိုင်းများ တိုက်မှုများတွင် ယာဉ်စီးရေ အများဆုံး
ရှိသော မထသ (မြို့တွင်း) ယာဉ်လိုင်းမှ ယာဉ်တိုက်မှု အများဆုံးဖြစ်
ပြီး အနောက်ပိုင်းခရိုင် ယာဉ်လိုင်းမှ ယာဉ်တိုက်မှု ဒုတိယ အများဆုံး
လိုက်သည်။ ဗန္ဓုလ (ပါရမီ) ယာဉ်လိုင်းနှင့် မြောက်ပိုင်းခရိုင် ယာဉ်လိုင်းတို့မှာ ယာဉ်တိုက်မှု အများဆုံးစာရင်းတွင် ပါဝင်သည်။

ရန်ကုန်မြို့တွင်း မော်တော်ယာဉ်များ သိသိသာသာ တိုးလာချိန်တွင် ခရီးသည်တင် ကားများ၏ စည်းကမ်းမဲ့မှုနှင့် ပတ်သက်၍ မထသ
(ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က “ယာဉ်ကြော ကြပ်တဲ့အတွက် ခရီးသည်တင်ဘတ်စ်ကား မောင်းတဲ့သူတွေက ယာဉ်တိုက်မှု မဖြစ်အောင် ဂရုတစိုက် မမောင်းဘဲ တစီးနဲ့တစီး အပြိုင်အဆိုင် ကျော်တက် မောင်းကြတာတွေကြောင့် ဖြစ်တာပါ” ဟု ဆိုသည်။

“ယာဉ်တိုက်မှု ဖြစ်ပြီဆိုရင်လည်း အဓိကတရားခံက ယာဉ်မောင်းဖြစ်တာကြောင့် ယာဉ်မောင်း အများစုက အဖမ်းမခံဘဲ ထွက်ပြေးကြတယ်”ဟု သူက ဆက်ပြောသည်။

မထသ (ဗဟို)က အပတ်စဉ် ယာဉ်စည်းကမ်းပိုင်းဆိုင်ရာ သင်တန်းများ ပို့ချပေးနေပြီး ယာဉ်တိုက်မှုဖြစ်လျှင် ယာဉ်မောင်းများ ထွက်ပြေးမှု မလုပ်ရေးနှင့် ဒဏ်ရာရ ခရီးသည်တွေကို ရှေးဦးသူနာပြုနည်းနဲ့ အသက်ကယ်
တင်ဖို့ကိုပါ ထည့်သွင်း သင်ကြားပေးနေသော်လည်း လက်တွေ့လုပ်ဆောင်မှု နည်းပါးလှသည်။

နေ့တွက် ပုတ်ပြတ်စားစနစ်နှင့် အခေါက်စားစနစ်ကြောင့် ၀င်ငွေအတွက် ယာဉ်မောင်းများ အန္တရာယ်
ဖြစ်လောက်အာင် ပြိုင်ဆိုင်မှုများ ဖြစ်စေသည် ဆိုကာ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို အခြေခံလစာနှုန်းထားနှင့် ဆုချီးမြှင့်စနစ်များ ပြုရန် ယာဉ်လိုင်းမှ သတ်မှတ်ပေးထားသော ခေါက်ရေစနစ်ကို
လည်း ပြန်လည်ဆန်းစစ်ခြင်းများ ပြုရန် အကြံပြုမှုများလည်း ရှိနေသည်။

မထသ(ဗဟို) စီမံမှုအောက်၌ ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်း အဖွဲ့အစည်း
ပေါင်း ၁၇ ခုရှိပြီး ယာဉ်စီးရေပေါင်း ရှစ်ထောင်ကျော် ရှိသည့်အနက် ငါးထောင်ကျော် နေ့စဉ်ပုံမှန် ပြေးဆွဲ
လျက်ရှိသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ယာဉ်အများစုကို ည ၈ နာရီ မကျော်မီ အထိသာ
တွေ့ရလေ့ရှိပြီး ထိုအချိန်ကျော်လွန်လျှင် အရှိန်ပြင်းစွာ မောင်းနှင်လေ့ရှိမှုကြောင့် နာမည်ဆိုးတွင်သော ကြားကားများကိုသာ ခရီးသည် အများစုက အားထားရလေ့ရှိသည်။

ဇူလိုင်လ ၁၄ရက်နေ့ ည၈နာရီအချိန်ခန့်က ကြည့်မြင်တိုင်မြို့နယ် အထက် ကြည့်မြင်တိုင်လမ်းနှင့် နတ်စင်လမ်းထိပ်တွင် အဓိပတိ ခရီးသည်တင်ယာဉ်က အခြားယာဉ်လိုင်းမှ ကားတစီးနှင့် အပြိုင်မောင်း
နှင်လာရာမှ လမ်းကူးရန် စောင့်ဆိုင်းနေသူ လူငယ်နှစ်ဦး၊ ပလက်ဖောင်းအား ကျော်ကာ ကားဝပ်ရှော့ အနီးရှိ လူတဦးနှင့် လမ်းညွှန်ဆိုင်းဘုတ်၊ ကားဝပ်ရှော့အလုပ်ရုံနှင့် ရပ်ထားသော လိုက်ထရပ်ယာဉ်တို့အား တိုက်မှု
ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်ကလည်း ကြည့်မြင်တိုင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်အကြား
ပြေးဆွဲလျက်ရှိသော လိုက်ထရပ်ကား တစီးက ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းပေါ်တွင် စက်ဘီးတစီးနှင့် လမ်းသွားလမ်းလာ တဦးအား တိုက်မိခဲ့ရာ ဒဏ်ရာရရှိသူ နှစ်ဦးအနက် တဦးမှာ ကားနှင့် ပေ ၄၀ ခန့် တရွတ်တိုက် ပါသွားခဲ့ပြီး ဘီးအောက်သို့ ရောက်ရှိသွားကာ ပြင်းထန်စွာ ဒဏ်ရာ ရသွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှု နှစ်မှုလုံးတွင် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များမှာ ယာဉ်တိုက်မှု ဖြစ်ပွားပြီး
နောက် ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။