Monday, July 23, 2012

မြန်မာ့ အသားတင်ပို့မှု တရုတ် အကန့်အသတ်မရှိ ပိတ်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့နေသော အေးခဲအသားများကို တရုတ်နိုင်ငံက အကန့် အသတ်မရှိ ပိတ်ပင်ထားသဖြင့် တင်ပို့မှု ရပ်ဆိုင်းထားရကြောင်း ရှမ်းပြည်နယ် မူဆယ် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ကပြောသည်။
တရုတ်-မြန်မာ နယ်စပ် ဂိတ်တခုကို တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
အမဲသားများ အပါအ၀င် ရန်ကုန်နှင့်မန္တလေး မြို့များမှ သယ်ဆောင်လာသော အခြား အေးခဲ အသားများအား မြန်မာနိုင်ငံ မွေးမြူရေးနှင့် ကုသရေး ဦးစီး ဌာနကလည်း တရုတ်နိုင်ငံသို့ တင်ပို့မှုကို ယခုလ ၁၁ ရက်နေ့ကစ၍ ပိတ်ပင်ရန် ညွှန်ကြား ထားသည်ဟုလည်း သိရ သည်။
တရုတ်အာဏာပိုင်များက တင်ပို့ခွင့်ပိတ်ပင်မည့် အသား အမျိုးအစားများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန အောက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန နေပြည်တော်မှတဆင့် မန္တလေးတိုင်း ရုံးခွဲသို့ ယခုလဆန်းပိုင်းက အကြောင်း ကြားခဲ့ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး ဇုန်မှ အရာရှိ တဦးက ပြောပြသည်။
“တိရစ္ဆာန် နဲ့ တိရစ္ဆာန်ထွက် ပစ္စည်းတွေ တင်ပို့ခွင့်ရပ်ထားရမယ်လို့ အထက်က အမိန့်စာ ထုတ်ပြန်လိုက်တဲ့အတွက် ပို့ခွင့်လုံးဝ ပိတ် ထားတယ်၊ မွေးကုက အစည်းအဝေးလာလုပ်တယ်၊ တရုတ်က တင်ပို့မှု ကန့်ကွက်ထားတဲ့အတွက် သွားပို့ရင် ကိုယ့်ကုန်သည် တွေ နစ်နာမယ်ဆိုပြီး အကြောင်းကြားတာလို့ လာပြောတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
အမဲသားတမျိုးမှလွဲ၍ ကျန်ပိတ်ပင်ထားသော အသားအမျိုးအစားများနှင့် မည်သည့် အတွက်ကြောင့် ပိတ်ပင်ခြင်းကိုလည်း မသိရှိရဟု မန္တလေးတိုင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ဆိုသည်။
“ကျမတို့ဌာနကနေ တဆင့်သွားတာကတော့ အေးခဲအမဲသားတွေပဲ သွားတာဆိုတော့ ကျမတို့ကတော့ အဲဒီတမျိုးပဲသိတယ်၊ ကျန် တဲ့ အမျိုးအမည်ကိုတော့ မသိဘူး၊ တင်ပို့မှုတွေ ရပ်ဆိုင်းထားဖို့ကိုတော့ နေပြည်တော်ရုံးချုပ်က ပေးပို့လာတာကို ကျမတို့ ဆီ ကနေ တဆင့် ညွှန်ကြားတာပါ”ဟု မန္တလေးတိုင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချို က ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် မိုးရာသီ၌ မြန်မာနိုင်ငံတွင် တိရစ္ဆာန်များ ခွာနာလျှာနာ ဖြစ်လေ့ဖြစ်ထ ရှိခြင်းကြောင့် ၎င်းတို့နိုင်ငံက ပြဌာန်း ထားသော တိရစ္ဆာန်များ၊ သစ်ပင်ပန်းပင်များ ပိုးမွှားကင်းစင်ရေး ဥပဒေနှင့် ငြိစွန်းနေသည့်အတွက် အသားများနှင့်တိရစ္ဆာန် သားရေ များ တင်ပို့ခွင့်ကို ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း ယမန်နေ့က ထုတ်လွှင့်ခဲ့သော MRTV-4 သတင်းတွင်လည်း ဖော်ပြခဲ့သည်။
အေးခဲအသားများ တင်ပို့မှုရပ်ဆိုင်းခံခဲ့ရပြီးနောက် တရုတ်နိုင်ငံသို့ အသားတင်ပို့နေသော အသားအေးခဲ စက်ရုံများမှာလည်း ရပ် ဆိုင်း ထားကြရသည်ဟု သိရသည်။ ပြီးခဲ့သည့် မေလကလည်း ရန်ကုန်အခြေစိုက် အအေးခန်း စက်ရုံ ၇၀ ကျော်ရှိသည့် အနက် အများစုမှာ မီးပုံမှန်မရသဖြင့် နှစ်ပတ်ကျော်ကြာ ရပ်ဆိုင်းခဲ့ရသေးသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ တိရစ္ဆာန် အသားများကို ပိတ်ပင်ထားကြောင်း ကြားသိနေရသော်လည်း ရေထွက်ကုန် အေးခဲ အသား များနှင့် ကဏန်း၊ ငါးရှဥ့် အရှင်များမှာ ပိတ်ပင်မှုတွင် မပါဝင်ကြောင်း၊ ယင်းကုန်ပစ္စည်းများကို မူဆယ် နယ်စပ်ကုန်သွယ်ရေး ဂိတ်၊  ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ လိုင်ဇာ၊ ဗန်းမော်နှင့် လွယ်ဂျယ် စသည့်ဂိတ်များမှ တဆင့် ၂၀ ရက်နေ့အထိ နေ့စဉ်တင်ပို့နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် က ပြောသည်။
“အဓိက ကတော့ မူဆယ်ဘက်က ထွက်တာ ငါးရှဥ့်နဲ့ ကဏန်းနဲ့က အရှင်ထွက်ထွက်တာ၊ နောက်တခုက ပင်လယ်ငါးကို ရေခဲရိုက် ပြီးတော့ မူဆယ်နယ်စပ်ကပဲ တရုတ်ပြည်ထဲကို ပို့တာရှိတယ်၊ ဒီပို့ကုန်တွေနဲ့ပတ်သက်ပြီးတော့ ဒီနေ့အထိ ကျနော်တို့ဆီကို ညွှန်ကြား ချက် လာတာတော့ မရှိသေးဘူး”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က ဧရာဝတီသို့ ပြောသည်။
၂၀၁၁ ခုနှစ်ဖေဖော်ဝါရီလပိုင်းက တရုတ်နယ်စပ်မှတဆင့် ကူးစက်လာခဲ့သော ဝက်နားရွက်ပြာခေါ် မျိုးပွားအင်္ဂါနှင့် အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး ကူးစက်ရောဂါသည် မူဆယ် မန္တလေးဘက်မှတဆင့် မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းအသီးသီးသို့ ပျံ့နှံ့ခဲ့ပြီး မွေးမြူရေးခြံများ၊ အိမ်မွေးဝက်များ အပါအဝင် ဝက်အကောင်ရေ သောင်းနှင့်ချီ သေဆုံးမှု ဖြစ်ခဲ့သည်။
ထိုရောဂါသည် မြန်မာနိုင်ငံ၌ ပထမဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတွင်း ကုသရန် ဆေးမရှိ ဖြစ်နေသည့် ကူးစက်အားပြင်း ဝက် နားရွက်ပြာ ရောဂါကို အစိုးရ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန က ဇီဝနည်းပညာဖြင့်သာ ကုသရန် လမ်းညွှန်ခဲ့ပြီး ထိုရောဂါသည် ယခု ချိန်အထိ ရှိနေဆဲဖြစ်ကြောင်း ကူးစက်ရောဂါ ရှာဖွေရေး ဆေးသုတေသန ပညာရှင် ဒေါက်တာ အောင်မြင့် က ဧရာဝတီသို့ ပြောပြ သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။