Monday, July 23, 2012

ရခိုင်သင်္ဃာ့သမဂ္ဂ(RSU)၏ နှစ်ပတ်လည်အခမ်းအနားကျင်းပ

RSU 1ယနေ့ ဇူလိုင်လ ၂၂နေ့က ရခိုင်သင်္ဃာ့သမဂ္ဂ (RSU) နှစ်ပတ်လည်အခမ်းအနားကို မြန်မာနိုင်ငံ အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းအင်အားစုများ အသီးသီးတို့နှင့်အတူ ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သတင်းရှိရသည်။

အခမ်းအနားသို့ ထိုင်း-မြန်မာနယ်စပ်တွင်အခြေစိုက်သော အဖွဲ့အစည်းများအပါအ၀င်၊ စာရေးဆရာများနှင့် ရခိုင်ရွှေ့ပြောင်းအလုပ်သမားပြည်သူများလည်း တက်ရောက်လာကြပြီး နိုင်ငံလှုပ်ရှားမှု ရှေ့လုပ်ငန်းစဉ်များကို လက်တွဲလှုပ်ရှားဆောင်ရွက်လိုသော ဆန္ဒဖြင့် ရည်ရွယ်လျက် ရခိုင်သင်္ဃာ့သမဂ္ဂ(RSU) နှစ်ပတ်လည်အခမ်းအနားကို နံနက်()နာရီမှ နေ့လည် ၁၁း၃၀ထိ ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရသည်။
" ဦးဇင်းတို့က RSUကို ၂၀၀၄ခုနှစ်ကတည်း အန္ဒိယနိုင်ငံ နယူးဒေလီမှာ စတင်ဖွဲ့စည်းခဲ့ပြီးတော့ အန္ဒိယနဲ့ ဘင်္ဂလားဒေ့ခ်ျတို့မှာဘဲ အဓိက လှုပ်ရှားလာခဲ့တာပါ၊ ခုထိုင်းမှာ ပြန်ပြီးအခြေစိုက်တဲ့အခါကျတော့ ထိုင်းနိုင်ငံထဲမှာရှိတဲ့ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့စည်းတွေအသီးသီးနဲ့ လက်ရှိမြန်မာ့အရေးနဲ့ ပက်သက်လို့ လက်တွဲလုပ်ချင်တဲ့ဆန္ဒရယ်၊ လက်ရှိမြန်မာနိုင်ငံအရေးနဲ့ ပက်သက်လို့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို ဆွေးနွေးချင်တယ်၊ ပြီးတော့ အခုရခိုင်ပြည်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ရခိုင့်အရေးတစ်ခုလို့ မယူဆဘဲ မြန်မာတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တယ်လို့ ယူဆပြီး ထိုင်းမှာရှိတဲ့ တော်လှန်ရေး၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အမြင်သဘောထားတွေကို ဆွေးနွေးချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီလိုနှစ်ပတ်လည်အခမ်းအနားကို ကျင်းပရတာပါ" ဟု RSU ဥက္ကဌ ဆရာတော် ဦးသီဟမှ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပက်သက်၍ အဖွင့်အမှာစကား မိန့်ကြားသည်။
တက်ရောက်လာသောအဖွဲ့အစည်းအသီးသီးမှ ယနေ့မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပဋိပက္ခများနှင့် မကြာသေးမှီက ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သော ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်းများအပေါ် ၄င်းတို့၏အမြင်များနှင့် သဘောထားများကို အသီးသီးသုံးသပ် တင်ပြဆွေးနွေးခဲ့ကြ ကြောင်းသိရှိရသည်။
ယနေ့ ရခိုင်သဃာ့သမဂ္ဂ၏ နှစ်ပတ်လည်အခမ်းအနားနှင့်အတူ RSUမှ ကြီးမှူးသင်တန်းပေးမည့် ကွန်ပျူတာနည်းပညာ () သင်တန်းတစ်ခုကိုလည်း တပြိုင်နက်တည်း ဖွင့်လှစ်လိုက်ကြောင်းသိရှိရသည်။
" ထိုင်းနိုင်ငံမှာ ရောက်ရှိလာကြတဲ့ ရခိုင်ရွှေ့ပြောင်းအလုပ်သမားပြည်သူတွေဟာ တစ်ခြားနိုင်ငံမှာရှိတဲ့ လူတွေနဲ့ မတူဘူး၊ သူတို့မှာ အသိပညာဗဟုသုတတွေလေ့လာဖို့၊ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ ကွန်ပျူတာသုံးတတ်တဲ့သူတွေ တော်တော်လေး နည်းနေတာကိုတွေ့ရတယ်။ အဲဒါကြောင့် ဒီရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပညာအရည်အချင်းတွေ မြှင့်တက်လာဖို့နဲ့ အသိပညာဗဟုသုတတွေ ပိုမိုကြွယ်ဝလာဖို့အတွက် ဒီကွန်ပျူတာသင်တန်းကို ဦးဇင်းတို့ စီစဉ်လိုက်တာပါ" ဟု RSU ဥက္ကဌ ဆရာတော် ဦးသီဟမှ ကွန်ပျူတာနည်းပညာသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား မိန့်ကြားသည်။
ကွန်ပျူတာနည်းပညာ () သင်တန်းအတွင်း ယင်းသင်တန်းသားများအား ကွန်ပျူတာနည်းပညာသင်တန်းအပြင် နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှုများကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရခိုင်သင်္ဃာ့သမဂ္ဂ(RSU)ကို ၂၀၀၄ခုနှစ်တွင် အန္ဒိယနိုင်ငံ နယူးဒေလီတွင် ရခိုင်သင်္ဃာတော်များနှင့် စတင်ဖွဲ့စည်းခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်၌ ရခိုင်သင်္ဃာအပေါင်းတို့ဖြင့် ၂၀၁၀ခုနှစ်တွင် ညီလာခံကျင်းပကာ စတင်အခြေစိုက်၍ မြန်မာနိုင်ငံအရေး လှုပ်ရှားလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။