Monday, July 23, 2012

 ဟိုတယ်လုပ်ငန်း၌ ဗီယက်နမ် စီးပွားရေးလုပ်ငန်းစုကြီး တစ်ခုမှ အမေရိကန်ဒေါ်လာ သန်းသုံးရာ ရင်းနှီးမြှုပ်နှံ သွားမည်ဟု သိရ

ဟိုတယ်လုပ်ငန်း၌  ၂၀၀၀ ပြည့် နှစ်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍  ဗီယက်နမ်စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့်  HAG &LAND  မှ အမေရိကန်ဒေါ်လာသန်း သုံးရာ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုညွှန်ကြားရေးမှူး ဦးလှိုင်ဦးထံမှ သိရသည်။

ဗီယက်နမ်လုပ်ငန်းစုကြီးဖြစ် သည့်  HAG &LAND  မှ ၂၀၁၂ ခုနှစ် ဇွန်လတွင် လာရောက်ကာ ရင်းနှီးမြှုပ်နှံရန်အတွက် ဟိုတယ်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မြန် မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်သို့ တင်ပြပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ဟိုတယ်လုပ်ငန်းပိုင်းဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော်ရှိ ကြောင်း၊ အဆိုပါငွေမှာလည်း ၂၀၀၀ ပြည့်နှစ်အထိသာ ရင်နှီးမြှုပ်နှံထားသော စာရင်းဖြစ်ကြောင်း၊ နောက်ပိုင်း တွင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံခြင်း မရှိကြောင်း၊ ယခုလာရောက် ရင်းနှီးမြှုပ်နှံသော ဗီယက်နမ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းစုဖြစ်သည့် HAG &LAND  ကုမ္ပဏီလုပ်ငန်းစုကြီးသည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဟိုတယ်လုပ်ငန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံသော ပထမဆုံးနိုင်ငံ ဖြစ်လာမည်ဖြစ် ကြောင်း သိရသည်။
“အခုလောလောဆယ်တော့ MIC ကိုတင်ပြပြီးသွားပြီး။ MIC က ရင်းနှီးမြှုပ်နှံဖို့ ညွှန်ကြားချက် ကျလာတာနဲ့ သူတို့က ချက်ချင်းအကောင်ထည် ဖော်သွားဖို့ရှိတယ်။ နောက်ပြီး လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးတဲ့ နိုင်ငံ တော်တော်များများ ရှိတယ်။ ဒါပေမယ့် မူဝါဒတချို့နဲ့ ကိုက်ညီမှု မရှိလို့ ရင်းနှီးမြှုပ်နှံမှု မပြုနိုင်သေးတာပါ။ကျွန်တော်တို့ဌာနအနေနဲ့ နိုင်ငံခြားကနေ လာရောက် ရင်းနှီးမြှုပ်နှံမယ် ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ နှင့် BOT ဆိုတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အချက်အလက်တွေကို ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းစုတွေကို တင်ပြတယ်။ သူတို့အနေနဲ့ ရင်းနှီးမြှုပ်နှံနိုင်မယ်ဆိုရင် ကျွန်တော်တို့ဌာနက ဟိုတယ် နဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမယ့်ကိစ္စတွေမှာ ဆောင်ရွက်ပေးပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ကို တင်ပြတယ်ပေါ့နော်။ အခုလို လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ များလာရင် ပြသာနာတက်နေတဲ့ ဟိုတယ် အခန်းခတွေက သူအလိုလို လျော့ကျသွားဖို့ရှိပါတယ်။ ဒီလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည် များပြားလာအောင်လည်း ဌာနအနေနဲ့ကလည်း တင်းကျပ်ထားတဲ့ မူဝါဒအချို့ကို လျှော့ချသွားဖို့ စီစဉ်နေပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှု ညွှန်ကြားရေးမှူး ဦးလှိုင်ဦးမှ ပြောကြားခဲ့သည်။
ဗီယက်နမ် လုပ်ငန်းစုကြီးဖြစ်သည့် HAG &LAND မှ ရန်ကုန်မြို့တော် အတွင်းသာ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရန်ကုန်မြို့တော် အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဟိုတယ် အဆောက်အအုံပေါင်း ၂၀ ခန့်ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  အဆောက်အအုံပေါင်း ၃၅ လုံးရှိကြောင်း သတင်း ရရှိသည်။
လက်ရှိမြန်မာနိုင်ငံ၏ ဟိုတယ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူ၊  ထိုင်း၊ ဂျပန်၊ မလေးရှား၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံများမှ အမေရိကန် ဒေါ်လာ ၁ ဘီလျံကျော်ခန့် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။