Monday, July 23, 2012

တာမွေ ရာပြည့်ဈေးသစ် ၂ နှစ်အတွင်း ပြီးစီးမည်ဟုဆို

ရန်ကုန် (မဇ္ဈိမ) ။     ။ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ရာပြည့်ဈေးအား အဆင့်မြင့် ဈေးအဖြစ် ပြန်လည် တည်ဆောက်မည်ဖြစ်ကာ ၂ နှစ်အတွင်း အပြီး တည်ဆောက်သွားရန် ရှိကြောင်း စည်ပင်သာယာရေး
ဝန်ကြီးဌာန အောက်ရှိ ရန်ကုန်မြို့ ဈေးများဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။

ရာပြည့်ဈေး ပြန်လည်တည်ဆောက်ရေး စီမံကိန်းအား သင်္ကန်းကျွန်း မြို့နယ်ရှိ သင်္ကန်းကျွန်း ဈေးအား
ပြန်လည် တည်ဆောက်ခဲ့သော အောင်ကောင်းကျော် ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်
မည် ဖြစ်ပြီး လက်ရှိ ဈေးဟောင်းတွင် ရောင်းချနေသော ဈေးဆိုင်ခန်းများအား တည်ဆောက်ဆဲကာလအတွင်း ယာယီ နေရာချထားပေးရေး အတွက် မြေနေရာ ရှာဖွေဆဲဖြစ်ကြောင်း အဆိုပါ အဆင့်မြင့် အရာရှိက ဆိုသည်။

“ဈေးသစ်ကို ၂၀၁၂ ခုနှစ်အတွင်းမှာ စဆောက်မှာပါ။ ဆိုင်ခန်းအားလုံးကို မြေညီထပ်မှာပဲ ပြန်ချထားပေးမှာပါ။ ဆိုင်တခန်းကိုတော့ မူလအတိုင်း ငါးပေပတ်လည် အကျယ်အ၀န်း ရှိပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

တာမွေမြို့နယ်အတွင်း မြေနေရာ ၁.၀၉၁ ဧက ကျယ်ဝန်းသော လက်ရှိ ရာပြည့်ဈေးတွင် ဆိုင်ခန်းပေါင်း ၆၅၃ ခန်း ရှိပြီး မူလဈေးနေရာတွင် ၁၂ ထပ်မြင့် လူနေဈေး အဆောက်အဦးအနေဖြင့် ပြန်လည်တည်ဆောက်မည်
ဖြစ်သည်။

ရာပြည့်ဈေးအတွင်း အထည်ဆိုင် ဖွင့်လှစ်ထားသော ဒေါ်အေးကြည်က “အခုဈေးက အမိုးအကာတွေလည်း မလုံပါဘူး။ မိုးရွာလိုက်ရင် ဈေးထဲမှာ ဗွက်ပေါက်နေတာ။ ဈေးဆိုင်တွေကလည်း မနက်ပိုင်းလောက်ပဲ ဖွင့်တဲ့ ဆိုင်တွေ များပါတယ်။ အသစ် ပြန်ဆောက်ပြီးရင်တော့ ဈေးပိုစည်လာမယ် ထင်ပါတယ်” ဟု ဆိုသည်။

ရာပြည့်ဈေး၏ လက်ရှိအခြေအနေသည် အသုံးမပြုသည့် ဆိုင်ခန်းများရှိခြင်း၊ ရေမြောင်းများ တိမ်ကောနေ
သဖြင့် ဈေးအတွင်း ရေစီးရေလာ မကောင်းခြင်း စသည်တို့ကြောင့် နံနက်ပိုင်း အချိန်လောက်တွင်သာ အရောင်းအ၀ယ် ရှိနေပြီး နေ့လည်ခင်းနှင့် ညနေချိန်များတွင် အရောင်းအ၀ယ် ပါးလျက်ရှိသည်။

ရာပြည့်ဈေးအတွင်း ထီးပြင်ဆိုင် ဖွင့်ထားသော ဦးသိန်းဝင်းက “ဈေးကို အသစ်ပြန်ပြီး ဆောက်မယ်လို့တော့ ကြားတယ်။ ဈေးစည်ပင်ကတော့ ဘာမှ လာပြီး ပြောတာ မရှိသေးဘူး။ အခုကတော့ ဈေးက မနက်ပိုင်းလေးပဲ လူရှိတယ်” ဟု ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။