Monday, July 23, 2012

 ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နှစ်ပေါင်း ၂၀ကျော်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ခဲနက် ကျင်ပ

w7_42_04_01
အာဇာနည်ဗိမာန်ရှေ့တွင် ဂါရ၀ပြုရန် စောင့်ဆိုင်းနေသော ပြည်သူများအား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်
(၆၅)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နှစ်ပေါင်း(၂၀) ကျော်ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ခဲနက်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ယခင်နှစ်များက အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၌သာ ကျင်းပခဲ့ရာမှ ယခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာနိုင်ငံ မြို့ကြီးများအလိုက် မိမိတို့အစီအစဉ်ဖြင့် ပြည်သူများက ကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်။ ထိုသို့ ကျင်းပကြရာတွင် သက်ဆိုင်ရာမြို့များရှိ အာဇာနည်အထိမ်းအမှတ် ကျောက်တိုင်များ၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများရှေ့တွင် လွမ်းသူပန်းခွေ၊ ပန်းခြင်းများချခြင်း၊ အစုအဖွဲ့အလိုက် အလေးပြုမှုများပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
w7_42_04_01
ဇူလိုင် ၁၉ ရက်၊ အာဇာနည်နေ့က အာဇာနည်ဗိမာန်ရှေ့တွင် ဂါရ၀ပြုရန် စောင့်ဆိုင်းနေကြသော ပြည်သူများ
ထို့အပြင် အချို့နေရာများတွင် အာဇာနည်နေ့၏ နံနက်၁၀ နာရီ ၃၇ မိနစ်သို့ ရောက်ရှိချိန်တိုင်း ပြုလုပ်လေ့ရှိသည့် ဥသြဆွဲခြင်း အစီအစဉ်များကိုလည်း ပြုလုပ်ခဲ့ကြသည်။
အာဇာနည်နေ့၏ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်သည် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် အချိန်ဖြစ်ပြီး  ထိုအချိန်၌ ဥသြဆွဲခြင်း အစီအစဉ်ကို ရေဒီယိုမှ ထုတ်လွှင့်ပေးလေ့ရှိပြီး ရေဒီယိုမှ ဥသြသံ ထုတ်လွှင့်သည်နှင့် နေရာ၌ ရပ်တန့်ပြီး အလေးပြုသည့် အလေ့အထရှိခဲ့ပါ သည်။ အဆိုပါ အလေ့အထကို ပါလီမန် ဒီမိုကရေစီခေတ်နှင့် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင် လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ရပ်နားထားခဲ့ပါသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အာဇာနည်ဗိမာန်သို့ ရောက်ရှိလာစဉ်

ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ဗိမာန်သို့ ရောက်ရှိလာစဉ်

ဇူလိုင် ၁၉၊ အာဇာနည်နေ့ နတ်မောက်မြို့ မြင်ကွင်း

ဇူလိုင် ၁၉၊ အာဇာနည်နေ့ ညောင်ဦးမြို့ မြင်ကွင်း
ရန်ကုန်မြို့၊ အာဇာနည်ဗိမာန်၌  ပြုလုပ်ခဲ့သော အာဇာနည်နေ့ အခမ်းအနားသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ပြီး  လွမ်းသူပန်းခွေချ အလေးပြုခဲ့ပါသည်။ ထိုသို့ တက်ရောက် အလေးပြုခဲ့ခြင်းမှာ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အစိုးရအဖွဲ့၏ ထိပ်တန်းခေါင်းဆောင်တစ်ဦး အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် အလေးပြုခဲ့ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။
ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော အာဇာနည်နေ့ အခမ်းအနား၌ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပန်းခြင်းသုံးခြင်းဖြင့် ကန်တော့ခဲ့ပြီး သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးကိုယ်စား ကိုယ်စားလှယ်တစ်ဦးက လွမ်းသူပန်းခွေချ ကန်တော့ခဲ့ပါသည်။ ထို့နောက် ကျန်ရှိသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင် အသီးသီးက လွမ်းသူပန်းခွေချ ကန်တော့ခြင်းများကို ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။ မြန်မာနိုင်ငံဆိုင်ရာ  နိုင်ငံခြား သံတမန်များ၊ အသင်းအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အသီးသီးကလည်း လွမ်းသူပန်းခွေချ  အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
w7_42_04_10
ဇူလိုင် ၁၉၊ အာဇာနည်နေ့ ပုသိမ်မြို့ မြင်ကွင်း
ထိုအစီအစဉ်များအပြီးတွင် အာဇာနည်ဗိမာန်အနီး၌ အာဇာနည်ခေါင်း ဆောင်ကြီးများကို ဂါရ၀ပြုရန်စောင့် ဆိုင်းနေကြသည့် ထောင်နှင့်ချီသော ပြည်သူလူထုက သတ်မှတ်စည်းကမ်း များအတိုင်း အလှည့်ကျ ၀င်ရောက်ဂါ ရ၀ပြုကြပါသည်။ ပြည်သူလူထု၏ ဂါရ၀ပြုမှုမှာ အာဇာနည်ဗိမာန်ပိတ်ချိန် ညနေ ၄ နာရီကျော်အချိန်အထိ ပြတ် တောက်သွားသည်မရှိဘဲ မိုးရွာသွန်း နေသည့်ကြားကပင် အဆက်မပြတ် လာရောက် ဂါရ၀ပြုခဲ့ကြောင်း သိရ ပါသည်။

မြင့်မြတ်တဲ့ စိတ်ဓာတ်ကိုပဲ အာဇာနည်စိတ်ဓာတ်လို့ ကျွန်မမြင်ပါတယ်။ အာဇာနည်စိတ်ကို ပြန့်ပွားစေချင်လို့၊ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို မမေ့ဖို့ လိုအပ်ပါတယ်။ ကျွန်မတို့နိုင်ငံက နိုင်ငံသူနိုင်ငံသားတွေ အားလုံးတန်ဖိုးရှိတဲ့သူတွေဖြစ်လာဖို့ မိဘများကလည်း ပြုစုပျိုးထောင်ပေးမှ ကျွန်မတို့နိုင်ငံဟာ အာဇာနည်များတဲ့ နိုင်ငံဖြစ်လာမှာပါ  . .

ဇူလိုင် ၁၉၊ အာဇာနည်နေ့ မကွေးမြို့ မြင်ကွင်း
ထိုအစီအစဉ်များအပြီးတွင် အာဇာနည်ဗိမာန်အနီး၌ အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါရ၀ပြုရန်စောင့် ဆိုင်းနေကြသည့် ထောင်နှင့်ချီသော ပြည်သူလူထုက သတ်မှတ်စည်းကမ်းများအတိုင်း အလှည့်ကျ ၀င်ရောက်ဂါရ၀ပြုကြပါသည်။ ပြည်သူလူထု၏ ဂါရ၀ပြုမှုမှာ အာဇာနည်ဗိမာန်ပိတ်ချိန် ညနေ ၄ နာရီကျော်အချိန်အထိ ပြတ်တောက်သွားသည်မရှိဘဲ မိုးရွာသွန်းနေသည့်ကြားကပင် အဆက်မပြတ်လာရောက် ဂါရ၀ပြုခဲ့ကြောင်း သိရပါသည်။
ဇူလိုင် ၁၉၊ အာဇာနည်နေ့ မြိတ်မြို့ မြင်ကွင်း
ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့သော အာဇာနည်နေ့ အခမ်းအနားမှာ လူဦးရေအများဆုံး တက်ရောက်သည့် အခမ်းအနားတစ်ခုဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့သည်။
''ကျွန်မတို့က နိုင်ငံရေးပါတီဆိုတော့ နိုင်ငံရေးကို အခြေခံပြီး ဒီလိုပွဲမျိုးကို ကျင်းပတာပါ။ ပြီးတော့ အာဇာနည် စိတ်ဓာတ် ပြန့်ပွားစေချင်လို့ပါ။ အာဇာနည်စိတ်ဓာတ်ဆိုတာက  သက္ကတ ဘာသာစကားကလာတာ။  မြင့်မြတ်တဲ့လူမျိုးလို့ အဓိပ္ပါယ်ရပါတယ်။ ဒီခေတ်မှာတော့ လူမျိုးကို မ ကြည့်ကြတော့ မြင့်မြတ်တဲ့ စိတ်ဓာတ်လို့ပဲ ပြောရမှာပါ။ အဲဒီတော့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကိုပဲ အာဇာနည်စိတ်ဓာတ်လို့ ကျွန်မ မြင်ပါတယ်။ အာဇာနည်စိတ်ကို ပြန့်ပွားစေချင်လို့၊ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို မမေ့ဖို့ လိုအပ်ပါတယ်။ ကျွန်မတို့နိုင်ငံက နိုင်ငံသူ နိုင်ငံသားတွေအားလုံး တန်ဖိုးရှိတဲ့သူတွေ ဖြစ်လာဖို့ မိဘများကလည်း ပြုစုပျိုးထောင်ပေးမှ ကျွန်မတို့နိုင်ငံဟာ အာဇာနည်များတဲ့ နိုင်ငံဖြစ်လာမှာပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

w7_42_04_12
ဇူလိုင် ၁၉၊ အာဇာနည်နေ့ မိတ္ထီလာမြို့ မြင်ကွင်း
(၆၅)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ကျင်းပခဲ့သည့်နည်းတူ အမျိုးသားဒီမိုကရေစီပါတီသစ်ရုံးချုပ်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရုံးချုပ် အစရှိသည့် နိုင်ငံရေးပါတီ ရုံးချုပ်များတွင်လည်း အာဇာနည်နေ့ အခမ်းအနားများကို အသီးသီး တက်ရောက်ခဲ့ကြပြီး ပြည်သူအများအပြား ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရပါသည်။

အာဇာနည်ဗိမာန်သို့ လူဦးရေတစ်သောင်းကျော် လာရောက်ဂါရ၀ပြု
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော (၆၅)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ လူဦးရေ ၁၀၀၀၀ ကျော်လာရောက် ဂါရ၀ပြုခဲ့ကြောင်း သိရသည်။

အာဇာနည်ဗိမာန်တွင် နံနက်ပိုင်း ၌ အာဇာနည်နေ့အခမ်းအနားကို နိုင်ငံ တော်အခမ်းအနားအဖြစ်ကျင်းပခဲ့ပြီး နံနက် ၁၀ နာရီအချိန်မှစတင်၍ လာရောက်ဂါရ၀ပြုသည့် ပြည်သူများအား အာဇာနည်ဗိမာန်သို့ တက်ရောက်ဂါရ၀ ပြုခွင့်ပေးခဲ့ပြီး ညနေပိတ်ချိန်အထိ လာရောက်ခဲ့ကြောင်း သိရသည်။

''ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို အခုလို လာရောက်ဂါရ၀ပြုခွင့်ရတာ ၀မ်းသာပါတယ်။ ဒါပထမဆုံးပါပဲ''ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ၈ တန်းကျောင်းသူ မနှင်းနှင်းက ပြောပါသည်။

''အာဇာနည်ဗိမာန်ကို မရောက်တာ နှစ်ပေါင်းမနည်းတော့ဘူး။ မနှစ်ကပြန်ဖွင့်တော့ လာဖြစ်တယ်။ ဒီနှစ်လည်း မဖြစ်ဖြစ်အောင် လာမယ်ဆိုပြီး လာခဲ့တာ။ ဗိုလ်ချုပ်တို့လို အာဇာနည်တွေကို ဘယ်လိုမှ မေ့ထားလို့ မရဘူးလေ။ အခုလည်း မြေးလေးတွေကို ဒီကိုရောက် ဖူးအောင် ခေါ်လာတယ်။ အခုလို အာဇာနည်ဗိမာန်ကို ပြည်သူတွေ တက်ရောက်ဂါရ၀ပြုခွင့်ပေးတာ ကျေးဇူးတင်ပါတယ်'' ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ အသက် ၆၅ နှစ်အရွယ်ရှိ ဒေါ်အေးသောင်းက ပြောပါသည်။

အာဇာနည်ဗိမာန်သို့ လာရောက်သူများမှာ မိုးများရွာသွန်းနေသော်လည်း ညနေပိတ်ချိန်အထိ အဆက်မပြတ် လာရောက်ခဲ့ကြောင်းလည်း သိရသည်။ အာဇာနည်ဗိမာန်သို့ နံနက်ပိုင်းမှစ၍ လာရောက်ဂါရ၀ပြုခဲ့သော နိုင်ငံရေးပါတီ ၂၃ ဖွဲ့၊ သံတမန်အဖွဲ့ အစည်းပေါင်း ၃၂ ဖွဲ့တို့လာရောက် ဂါရ၀ပြုခဲ့ကြောင်းလည်း သိရသည်။

w7_42_04_11
ဇူလိုင် ၁၉ ရက်၊ အာဇာနည်နေ့က ဗိုလ်ချုပ်ပြတိုက်ရှေ့၌ ၀င်ရောက်ရန် စောင့်ဆိုင်းနေကြသူများကို တွေ့ရစဉ်

အာဇာနည်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်လေ့လာသူ ယခင်နှစ်ကထက် ပိုမိုများပြား 
၂၀၁၂ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၅ နှစ် မြောက်အာဇာနည်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချူပ်ပြတိုက်သို့ လာရောက်လေ့လာသူများ ယခင်နှစ်များထက် ပိုမိုများပြားခဲ့ကြောင်း သိရပါသည်။

အာဇာနည်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်လေ့လာသူ အရေအတွက် ၁၆၁၉၇ဦးခန့်ရှိခဲ့ပြီး ထိုနေ့၌ လာရောက်ကြသူများကို ၀င်ကြေး အခမဲ့ဖြင့် ၀င်ရောက်ခွင့်ပြုခဲ့ခြင်းကြောင်း သိရပါသည်။

ပြတိုက်သို့ အခြေခံပညာ၊ ပညာဒါနနှင့် ဘော်ဒါကျောင်းများမှ ကျောင်းသားကျောင်းသူများ၊  နိုင်ငံရေးပါတီများနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်လေ့လာသည့် လူငယ်များသာမက နိုင်ငံခြားသားများနှင့် ပြည်ပမီဒီယာများကပါ စိတ်ဝင်တစား လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

''ကလေးတွေကို မျိုးချစ်စိတ်ဓာတ်နဲ့ မြန်မာနိုင်ငံခေါင်းဆောင်တွေရဲ့ ဇစ်မြစ်၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ အတွေးအခေါ်၊ အကြောင်းအရာတွေကို သိရှိစေဖို့အတွက် ဒီနေ့ ဗိုလ်ချုပ်ပြတိုက်ကို ခေါ်လာရခြင်းဖြစ်တယ်။ အာဇာနည်ကုန်းကိုပတ်တော့ လူအရမ်းကျပ်နေ လို့ မတက်လိုက်ရဘူး။ ဗိုလ်ချုပ်ပြတိုက်ပြီးရင် ဗိုလ်ချုပ်ကြေးရုပ်ကို သွားပြီးအလေးပြုမှာပါ''ဟု စုရင်ခွင်ကျောင်းမှ အုပ်ချုပ်သူဒေါ်ခင်ချိုဝင်းက ပြောသည်။

''ကျန်တဲ့ရက်တွေမှာ လာတာထက် အာဇာနည်နေ့မှာလာရတာ ပိုအဓိပ္ပါယ်ရှိတယ်လို့ ခံစားရတယ်။ ဒီနှစ်ပိုင်းတွေမှာ ထူးခြားတာက လူငယ်လူကြီးမကျန် ပြည်သူတွေအားလုံး အာဇာနည်နေ့ကို ပိုပြီး အလေးထား လာတယ်လို့ မြင်ပါတယ်''ဟု မိသားစုနှင့်အတူ လာရောက်ခဲ့သည့် ကမာရွတ်မြို့နယ်မှ ဦးမောင်မြင့်က ပြောကြားခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အား ၂၀၁၂ခုနှစ် မတ်လ ၂၄ ရက်နေ့မှစ၍ တနင်္လာ၊ အင်္ဂါနှင့် ပြန်တမ်းဝင်ရုံး ပိတ်ရက်များမှအပ ကျန်သည့်ရက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားပါသည်။

နယ်မြို့များ၌ အာဇာနည်နေ့ အခမ်းအနား ကျင်းပမှုအချို့
မန္တလေး
မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်တွင် ဇူလိုင်လ ၁၉ရက်နေ့က မြင့်မြတ်ဧရာဝတီ လူငယ်လူမှုကွန်ရက်နှင့် ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်တို့ ပူးပေါင်း၍ အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ခဲ့သည်။
မကွေး
မကွေးမြို့၊ ဗိုလ်ချုပ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တည်ရှိရာ ပန်းခြံအား ဇူလိုင်လ ၁၉ ရက်(အာဇာနည်နေ့)က စည်ပင်သာယာမှ သန့်ရှင်းရေး ပြုလုပ်နေသောကြောင့်ဟု ပိတ်ထားခဲ့သော်လည်း မကွေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မကွေးမြို့ ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေးအသင်းအဖွဲ့တို့မှ အဖွဲ့ဝင် စုစုပေါင်း ၂၀၀ ခန့်က ပန်းခြံပြင်ပမှနေ၍ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု အရိုအသေပေးခဲ့ကြသည်။
မိတ္ထီလာ
အာဇာနည်နေ့ အခမ်းအနားကို မိတ္ထီလာမြို့ ပန်းတိမ်တန်းရပ်ကွက်အတွင်းရှိ  အာဇာနည်ကျောက်တိုင်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားကို အဆိုပါနေ့ နံနက် ၉ နာရီကျော်တွင် အာဇာနည်ကျောက်တိုင်၌  စတင်ကျင်းပခဲ့ပြီး မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ဒေသခံပြည်သူ အမြောက်အမြား တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တောင်ငူ
အာဇာနည်နေ့ အခမ်းနားကို တောင်ငူမြို့ မိုင်ဒါကွင်းထဲရှိ အာဇာနည် ကျောက်တိုင်ကြီး၌ ပြုလုပ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက် ၂၃ ရပ်ကွက်နေ ပြည်သူများ၊ နည်းပညာ တက္ကသိုလ်ကျောင်းသားများ၊ မြို့နေ တိုင်းရင်းသားလူမျိုးများ မြို့ခံ နိုင်ငံရေး လှုပ်ရှားသူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ စုစုပေါင်း ၅၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ဟင်္သာတ
မြန်မာနိုင်ငံရှိ ဗိမာန်ပုံစံပါဗိမာန် ၃ ခုရှိသည့်အနက် တစ်ခုအပါအ၀င်ဖြစ်သည့် ဟင်္သာတအာဇာနည်ဗိမာန်၌ အာဇာနည်နေ့ အခမ်းအနားကို ပြုလုပ်ခဲ့ပြီး  လူဦးရေ ၅၀၀၀ခန့် တက်ရောက်ခဲ့သည်။ ထို့အပြင် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ဇာတိရွာဖြစ်သော ယုံသလင်းကျေးရွာတွင်လည်း ၁၉၈၈ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ခဲ့သည်။
ပုသိမ်
အာဇာနည်နေ့ အခမ်းအနားအား အစိုးရအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်း(၂၀)ကျော်ကာလအတွင်း ပထမဆုံးအဖြစ် စည်ကားစွာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မော်လမြိုင်
အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှိရာ သံလွင်ဥယျာဉ်အပြင်ဘက်၌ ပန်းခြင်းချ၊ အလေးပြုခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦး
ညောင်ဦးမြို့၊ အနော်ရထာလမ်းအနီး အာဇာနည်နေ့ အထိမ်းအမှတ်ကျောက်တိုင်ရှိရာ ကွင်းတွင် ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့မှ ပါတီဝင်များနှင့် ဒေသခံများ အင်အား ၇၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြ၀တီ
မြ၀တီမြို့ ရွှေမြန်းဝန်စေတီတော် ပရိဝုဏ်အတွင်းရှိ ဓမ္ပာရုံတွင် ဆွမ်းဆပ်ကပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး မြ၀တီမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ အာဇာနည်ကျောက်တိုင်တည်ရှိရာ ခြံဝင်းတံခါးရှေ့သို့ သွားရောက် အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက် 
နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် အာဇာနည်နေ့အတွက် လွမ်းသူ့ပန်းခွေချ၍ အလေးပြုခွင့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ ကြိုတင်တင်ပြခဲ့သော်လည်း ခွင့်ပြုမှုမရရှိသောကြောင့် နတ်မောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များက မိမိတို့ သဘောဆန္ဒဖြင့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက အလေးပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။