Monday, July 23, 2012

ဗန်းမော်မြို့မှ ကသာမြို့သို့ စုန်ဆင်းသော ရှပ်ပြေးရေယာဉ်တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လေးဦးသေဆုံးပြီး ၇၀ ဦး ကယ်ဆယ်နိုင်ခဲ့

7425
ရှပ်ပြေးယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သော နေရာအား ဒေသခံများ ၀ိုင်းဝန်းကြည့်ရှုနေစဉ်
ဇူလိုင်လ၂၀ ရက်နေ့နံနက် ၉ နာရီဝန်းကျင်ခန့်က ဗန်းမော်မှ ကသာ သို့ စုန်ဆင်းလာသော ရှပ်ပြေးရေယာဉ်တစ်စင်း ဧရာဝတီမြစ်အတွင်း တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဗန်းမော်မြို့ မြို့မရပ်ကွက်ဆိပ်ကမ်းမှ ထွက်ခွာလာသော မြမင်းအောင် အမည်ရှိ အဆိုပါရေယာဉ်သည် ဆိပ်ကမ်းမှ ထွက်ခွာပြီးနောက် ဂီယာညှပ်ပြီး ဦးလည်ကာ အခြားရေယာဉ် တစ်စင်းနှင့် တိုက်မိကာ တိမ်းမှောက် သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုချိန်ထိတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရတာကြောင့် ဖြစ်ပွားပုံ အခြေအနေကို တိတိကျကျ ပြောရခက်နေသေးတယ်။ ဘယ်အချိန်ထိ လုပ်ဆောင်ရမယ် ဆိုတာကိုလည်း မသိနိုင်သေးပါဘူး”ဟု ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဗန်းမော်မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက အဆိုပါနေ့နံနက်ပိုင်းတွင် ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ထပ်မံရရှိသော သတင်းများအရ ၎င်းရှပ်ပြေးယာဉ်ပေါ်တွင် လက်မှတ်အရောင်းစာရင်း အရ ၅၂ ဦး လက်မှတ်ရောင်းထားသော်လည်း လက်မှတ်မဖြတ်ဘဲ စီးနင်းလိုက်ပါသော ခရီးသည်များလည်း ပါဝင်သောကြောင့် ယာဉ်ပေါ်ပါလူဦးရေ အတိကျကို မသိရှိရသေးဟု ဆိုပါ သည်။ ရှပ်ပြေးရေယာဉ်နစ်မြုပ်ရာ  ရေပြင်တွင်ဒေသခံများနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ည ၇ နာရီ ၄၅ မိနစ်အချိန် ထိ သေဆုံးသူလေးဦးကို ရှာဖွေတွေ့ ရှိခဲ့ပြီး ကျား ၅၀ ဦး၊ မ ၂၀ ဦး စုစုပေါင်း၇၀ဦး ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
“အခုအချိန်ထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတုန်းပဲ။ ခရီးသည် ဘယ်နှယောက် ပါတယ်ဆိုတာ မသိရသေးပေမယ့် ပျောက်ဆုံးနေသူတွေတော့ ရှိနေဆဲပါ။ ပျောက်ဆုံးနေတဲ့ သူတွေထဲမှာ မြစ်ကြီးနားမှာပြုလုပ်မယ့် တက္ကသိုလ်ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မယ့် ဗန်းမော်တက္ကသိုလ်က ဘောလုံးသမားငါးဦးနဲ့ အုပ်ချုပ်သူ တစ်ဦးပါဝင်တယ်လို့ သိရတယ်”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
စက်လှေ၊ ရှပ်ပြေး၊ အင်းလေး ဘုတ်စသည့် ရေယာဉ်အစင်း ၃၀ ကျော်အပါအ၀င် ဗန်းမော်ဆိပ်ကမ်း အောက်ဘက်ရှိ ခွန်သာ၊ တပ်ကလေး ဆိပ်တို့မှ စက်လှေများပါ ၀ိုင်းဝန်းရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။