Sunday, June 24, 2012

 နှစ်ပေါင်း ၃၀၀ ကျော် သက်တမ်းရှိ ဗြိတိသျှပါလီမန် Westminster ခန်းမတွင် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ငါးဦးမြောက် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား

7381
နှစ်ပေါင်း ၃၀၀ ကျော်သက်တမ်းရှိ ဗြိတိသျှပါလီမန် Westminsterခန်းမတွင် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ငါးဦးမြောက် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၂၁ ရက်နေ့က မိန့်ခွန်း ပြောကြားခဲ့သည်။

ဗြိတိန်လွှတ်တော် နှစ်ရပ်လုံးကို အဆိုပါခန်းမကြီးထဲ၌ မိန့်ခွန်းပြောခွင့်အား ကမ္ဘာကျော် နိုင်ငံ့ခေါင်းဆောင်များကိုသာ ဂုဏ်ထူးဆောင် အခွင့်အရေးတစ်ရပ် အနေဖြင့် ဗြိတိန်အစိုးရ က ပေးလေ့ရှိပါသည်။
ဒုတိယကမ္ဘာစစ် ကတည်းက ဗြိတိန်လွှတ်တော် နှစ်ရပ်လုံးကို အဆိုပါ ခန်းမကြီးထဲ၌ မိန့်ခွန်းပြောကြား ခွင့်ရခဲ့သူမှာ လေးဦးသာရှိပြီး ဒေါ်အောင်ဆန်းစုကြည်မှာ ငါးဦးမြောက် ဖြစ်သည်။
သူ့အရင် လေးဦးမှာ ပြင်သစ်သမ္မတ ချားစ်ဒီဂေါလ်၊ တောင်အာဖရိက သမ္မတ နယ်လ်ဆင်မင်ဒဲလား၊ ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် (၁၆) နှင့် အမေရိကန် သမ္မတ ဘာရက်အိုဘားမားတို့ ဖြစ်ကြသည်။

လန်ဒန်မြို့ရှိ Westminster ခန်းမကြီးထဲ၌ ဗြိတိန်လွှတ်တော်နှစ်ရပ်မှ အမတ်များအား
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ် (ဓာတ်ပုံ-အေအက်ဖ်ပီ)

အောက်လွှတ်တော်ဥက္ကဋ္ဌ John Bercow က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း မပြောကြားမီ ကြိုဆိုမိတ်ဆက်စကားကို ပြောကြားခဲ့သည်။ ထိုကဲ့သို့ ပြောကြားနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွှတ်တော်နှစ်ရပ်မှ အမတ်များ၏ လက်ခုပ်တီး သြဘာပေးခြင်းကို ခံခဲ့ ရသည်။

မိမိတို့နိုင်ငံသည် ပိုမိုကောင်းမွန်သည့် အနာဂတ်ဆီသို့ သွားနေသည့် ခရီး၏အစတွင် ရပ်တည်နေကြောင်း၊ ထို့ကြောင့် တက်စရာ တောင်ကုန်းများလည်း ကျန်ရှိနေသေးကြောင်း၊ တံတားထိုးစရာ ချောက်နက်များလည်း ရှိနေကြောင်း၊ ကျော်လွှားရမည့် အတားအဆီး များလည်း ရှိနေကြောင်း  .   .   .
ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိန်နိုင်ငံတို့ ဆက်ဆံခဲ့မှုအကြောင်း ကို ဦးစွာပြောကြားခဲ့သည်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပိုမိုခရီးတွင်စေရန်အတွက် ဗြိတိန်ပြည်သူများ အပါအ၀င် ကမ္ဘာ့ ပြည်သူများက ကူညီရန် ဗြိတိန်လွှတ်တော်၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က မိမိ တို့နိုင်ငံသည် ပိုမိုကောင်းမွန်သည့် အနာဂတ်ဆီသို့ သွားနေသည့်ခရီး၏ အစတွင် ရပ်တည်နေကြောင်း၊ ထို့ ကြောင့် တက်စရာတောင်ကုန်းများလည်း ကျန်ရှိနေသေးကြောင်း၊ တံတားထိုးစရာ ချောက်နက်များလည်း ရှိနေကြောင်း၊ ကျော်လွှားရမည့် အတားအဆီးများလည်း ရှိနေကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့၏ သံန္နိဋ္ဌာန် ချထားမှုက ခရီးရောက်နိုင်သော်လည်း ကမ္ဘာ့ ပြည်သူများနှင့် ဗြိတိန်ပြည်သူများ ၏ ထောက်ခံမှုများက မိမိတို့ကို ပိုမိုခရီးရောက်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကမ္ဘာ့ဝါအရင့်ဆုံး ပါလီမန် ဒီမိုကရေစီနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့် ဗြိတိန်အနေဖြင့် မိမိတို့နိုင်ငံ ၏ ဖွံ့ဖြိုးစ ပါလီမန်ဒီမိုကရေစီကို ထောက်ခံအားပေးရာတွင် လိုအပ်သည့် ခိုင်မာယုံကြည်လောက်သည့် အဖွဲ့အစည်းများ ပေါ်ထွန်းလာရေး ကူညီရန် ပြောကြားလိုပါကြောင်း၊ သမ္မတ ဦးသိန်းစိန် ဦးဆောင် ဖော်ဆောင်နေသည့် ပြုပြင်ပြောင်းလဲရေး များကိုလည်း ကြိုဆိုပါကြောင်း၊ သို့ရာတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် လူပုဂ္ဂိုလ်အခြေခံသည့် လုပ်ငန်းစဉ် မဟုတ်ပါကြောင်း၊ ခိုင်မာသည့် အဖွဲ့အစည်းများ မရှိဘဲနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ရေရှည်ထိန်းထားနိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဗြိတိန်လွှတ်တော်သည် လွတ်လပ်စွာပြောဆိုခွင့်နှင့် ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းက အဖိနှိပ်ခံ ပြည်သူများအတွက် အကောင်းဆုံးသင်္ကေတ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအတွက် နှစ်ပေါင်းများစွာ ရုန်းကန် လှုပ်ရှားခဲ့ရကြောင်း၊ ယင်းအတွက် လူအများအပြား စွန့်လွှတ် ဆုံးရှုံးခဲ့ရမှုများရှိကြောင်း၊ ယခုအခါ မှသာ မိမိတို့ ရုန်းကန်လှုပ်ရှားမှု၏ ရလဒ်ကို စတင်မြင်တွေ့နေရပြီ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ထိရောက်မှုရှိစေရန် အတွက် ချရေးစရာ မလိုကြောင်းကို  ဗြိတိန်က မားမားမတ်မတ် သက်သေအထောက်အထား ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူများက လက်ခံ အသိအမှတ်ပြုခြင်းမှာ ပိုမိုအရေးကြီး ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း တိုင်းပြည်၏ တိုင်းရင်းသားလူမျိုးစုများ၏ အခြေခံအခွင့်အရေးနှင့် ရည်မှန်းချက်များကို ထည့်သွင်းပေါင်းစပ်နိုင်ရန် ပြင်ဆင်ရမည် ဖြစ်ကြောင်းလည်း ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် မိနစ် ၃၀ ခန့် ကြာမြင့်သည့် မိန့်ခွန်းပြော ကြားပြီးနောက် ခန်းမတွင်းရှိ အမတ်များက မတ်တပ်ရပ် လက်ခုပ်တီးသြဘာပေးခဲ့ကြပြီး အထက်လွှတ်တော် ဥက္ကဋ္ဌ Baroness D’Souza က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်လွှတ်တော်၌ မိန့်ခွန်း မပြောကြားမီ အိမ်ရှေ့မင်းသားချားလ်၊ ကြင်ယာတော် ကမီလာတို့နှင့် လန်ဒန်မြို့ရှိ ၎င်းတို့၏အိမ်တော် Clarence House ၌ တွေ့ဆုံခဲ့သည်။ ထို့ အတူ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ်ခ်ျနှင့်လည်း နိုင်ငံခြားရေး နှင့် ဓနသဟာယရုံး၌ တွေ့ဆုံခဲ့သည်။ ထို့ပြင် ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်နှင့်လည်း ဒေါင်းနင်းလမ်း အမှတ်(၁၀)၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးက ပူးတွဲ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကို အထောက်အကူ ပြုမည့် ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံအနေဖြင့် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၁၉၆၀ ပြည့်လွန်နှစ်များက တက်ရောက် ပညာသင်ကြားခဲ့ပြီး ဘွဲ့ရရှိခဲ့သည့် အောက်စဖို့ဒ် တက္ကသိုလ်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား Hono rary Doctor of Civil Law ဂုဏ်ထူး ဆောင် ဒေါက်တာဘွဲ့ကို အဆိုပါ တက္ကသိုလ်၌ ဇွန်လ ၂၀ ရက်နေ့က ချီးမြှင့်ခဲ့သည်။
လက်ရှိ၌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ဥရောပခရီးစဉ် အတွင်း ဗြိတိန်နိုင်ငံသို့ ဇွန်လ ၁၉ ရက်နေ့မှစ၍ ရောက်ရှိနေခြင်းဖြစ် သည်။
ဗြိတိန်နိုင်ငံသည် ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်း အထိ ဒေါ်အောင်ဆန်း စုကြည် နေထိုင်ခဲ့ဖူးသည့် နိုင်ငံဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်နှစ်ဆန်းပိုင်းတွင် နာမကျန်းဖြစ်နေသော မိခင်ကြီး ဒေါ်ခင်ကြည်အား ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် လူထုခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ ပြီးနောက် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ကို ဖွဲ့စည်းထူထောင်ကာ ဒီမိုကရေစီရရှိရေး ဦးဆောင်ကြိုးပမ်းခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ဗြိတိန်နိုင်ငံမှ ပြင်သစ်နိုင်ငံသို့ အလည် အပတ်ခရီး သွားရောက်မည်ဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့တွင် ပြင်သစ်နိုင်ငံ မှ ပြန်လည် ထွက်ခွာမည်ဖြစ်ကာ မြန်မာနိုင်ငံသို့ ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။