
နိုင်ငံသစ်ချီတက်နေသည့် ဒီမိုကရေစီ လူ့ဘောင်သစ်တွင် လွတ်လပ်ပြီး အားကောင်းသည့် စာပေစာနယ်ဇင်း ရှိသင့်သည်ဟု ခံယူကြောင်းနှင့် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် နိုင်ငံတကာစံချိန်နှင့် တိုင်းတာပါက နောက်ဆုံးနားတွင်ပဲ ရှိနေသေးသည်ကို ၀န်ခံကြရမည်ဖြစ်ကြောင်းကို ဇွန်လ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှုကော်မတီနှင့် မီဒီယာများ ၏တွေ့ဆုံပွဲတွင် ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြောကြားခဲ့သည်။
ယင်းတွေ့ဆုံပွဲကို ဟိုတယ်ရန်ကုန်တွင် ကျင်းပခဲ့ပြီး မီဒီယာဥပဒေ နှင့်ပတ်သက်၍ စာပေစာနယ်ဇင်း များရှိ တာဝန်ရှိသူများထံမှ အကြံဥာဏ်နှင့်စာတမ်းရယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
“ကော်မတီရဲ့ခံယူချက်ကတော့ နိုင်ငံသစ်ချီတက်နေတဲ့ ဒီမိုကရေစီ လူ့ဘောင်သစ်မှာ လွတ်လပ်ပြီးအားကောင်းတဲ့ စာပေစာနယ်ဇင်းရှိသင့်တယ်လို့ ခံယူပါတယ်။ စာပေစာနယ်ဇင်းအနေနဲ့ လွတ်လပ်ပြီး အရည်အသွေး ပြည့်ဝသင့်တယ်လို့ ခံယူပါတယ်။ လွတ်လပ်တဲ့ စာပေစာနယ်ဇင်းအဖွဲ့ ပေါ်ပေါက်လာဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။ အစိုးရသာမက မည့်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းရဲ့ သြဇာခံမဖြစ်သင့်ဘူးလို့ ခံယူပါတယ်။ ဒါကြောင့်လည်း လွတ်လပ်ပြီး ခိုင်မာတဲ့ မီဒီယာဥပဒေဖြစ်ပေါ်လာဖို့ ကျွန်တော်တို့ ကော်မတီက ကြားခံအဖြစ် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒကို တစ်ဖက်တစ်လမ်း က ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်” ဟု မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြောကြားခဲ့ပါသည်။
သတင်းလွတ်လပ်ခွင့်ကတော့ နိုင်ငံတကာစံချိန်နဲ့ တိုင်းတာရင် နောက်ဆုံးနားမှာပဲ ရှိနေသေးတာ ၀န်ခံကြရမှာပါ။ လွတ်လပ်ခွင့်မရှိသေးဘူးဆိုတာ ရိုးသားစွာ ၀န်ခံရပါမယ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို အခြေခံပြီး သတင်းသမားများရဲ့ လုံခြုံရေးနဲ့ လုပ်ပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေဖြစ်ဖို့ အရေးကြီးတယ်လို့ ခံယူထားပါတယ် . . . |
ယင်းဆွေးနွေးပွဲတွင် မီဒီယာသမားများကလည်း မီဒီယာဥပဒေထဲတွင် ထည့်သွင်း ရေးဆွဲသင့်သည်များ ကို အကြံပြုပြောကြားခဲ့ရာ မီဒီယာသမားများကို ပိုမိုချုပ်ချယ်သည့် ဥပဒေမျိုးမဖြစ်စေရန် မီဒီယာလွတ်လပ်ခွင့် ကိုပိုမိုရရှိစေရန် မီဒီယာသမားများကို အကာအကွယ်ဖြစ်စေမည့် ဥပဒေမျိုးသာ ဖြစ်စေရန်တို့ကို အကြံပြု ပြောကြားခဲ့ပါသည်။
အလားတူ မီဒီယာဥပဒေထဲတွင် မီဒီယာသမားများအတွက် ကင်းလွတ်ချက်များ ထည့်သွင်းရန် ထောင်ဒဏ်များ မထည့်သွင်းဘဲ တရားမကြောင်းအရ ငွေဒဏ်များသာ ထည့်သွင်းရန် အခြားဥပဒေများတွင် မည်သို့ပြဋ္ဌာန်း ထားစေကာမှု မီဒီယာသမားများနှင့် ပတ်သက်သည့် အရေးကိစ္စများ မီဒီယာသမားများအား အရေးယူရန် ကိစ္စ များကို မီဒီယာ ဥပဒေတစ်ခုတည်းနှင့်သာ ဖြေရှင်းရန်တို့ကို ထည့်သွင်း ဆွေးနွေးခဲ့ကြပါသည်။
“အခုလို တွေ့ဆုံပွဲပြုလုပ်ရတဲ့ အကြောင်းရင်းက ကျွန်တော်တို့မကြာခင် ဇူလိုင်လ ၄ ရက်နေ့မှာ ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေးတွေ ကျင်းပတော့မှာဖြစ်ပြီး မီဒီယာ ဥပဒေပါဝင်လာဖို့ ရှိပါတယ်။ မီဒီယာ ဥပဒေနဲ့ပတ်သက်ပြီး စာပေစာနယ်ဇင်းအဖွဲ့ဝင်များနဲ့ သဘောထားမှတ် ချက်တွေ၊ လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ကျွန်တော်တို့ က မှတ်သားထားမယ်။ ခင်ဗျားတို့ဆီ က စာရွက်စာတမ်းတွေ ရှိရင်လည်း ကျွန်တော်တို့ ယူထားမယ်။ လွှတ်တော်ကို တင်တဲ့အခါကျရင် စာနယ်ဇင်းသမားများ ကိုယ်စား ကျွန်တော် တို့ကတာဝန်ခံပြီး ဆွေးနွေးသုံးသပ်မယ်၊ တင်ပြမယ်လို့ စိတ်ကူးထားတယ်”ဟု ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က ရှင်းပြပါသည်။
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအ၀င် အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး ပါတီငါးခုနှင့် တိုင်းရင်းသားလူမျိုးစု ခုနစ်စုပါဝင်နေသော အဖွဲ့ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။