Sunday, June 24, 2012

 ဗဟန်းမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ တည်းခိုနေသူ တောင်ကိုရီးယား နိုင်ငံသူတစ်ဦး ထိုးသွင်း၊ လှီးဖြတ်ဒဏ်ရာများဖြင့် သေဆုံးမှုကြောင့် ကျူးလွန်သူ ၄င်း၏အမျိုးသားကို အရေးယူထားကြောင်း သိရ

ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်တစ်ခု၌ တည်းခိုနေသူ တောင်ကိုရီးယား နိုင်ငံသူတစ်ဦး ထိုးသွင်း၊ လှီးဖြတ်ဒဏ်ရာများဖြင့် သေဆုံးမှုကြောင့် ကျူးလွန်သူ ၄င်း၏အမျိုးသားကို အရေးယူထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
၂၀၁၂ခုနှစ်၊ ဇွန်လ ၂၀ရက်နေ့ နံနက် ၅နာရီအချိန်တွင် ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ နတ်မောက်၊ ရွှေဂုံတိုင်လမ်း၊ အမှတ် ၁၃၀ ရှိ ယုဇနဟိုတယ်၊ အခန်း ၈၀၅တွင်
တည်းခိုနေထိုင်သူ တောင်ကိုရီးယား နိုင်ငံသား Mr. Kjmhyeong-Toek ၊ ၅၇နှစ်၊ ကရိန်းယာဉ်မောင်း၊ ပတ်စ်ပို့အမှတ် UI-0356526 ဗီဇာ အမှတ် A-643979  ၊ ဗီဇာသက်တမ်း ၁၆.၆.၂၀၁၂ မှ ၁၄.၇.၂၀၁၂ ထိ Ulsaem City သည် ၄င်းနှင့်အတူ တည်းခိုနေထိုင်သော ဇနီးဖြစ်သူ Mrs. KIMPUN-NAN ၊ ၅၅နှစ်၊ ပတ်စ်ပို့အမှတ် UL-0356524၊ ဗီ ဇာအမှတ် A-643980 ၊ ဗီဇာသက် တမ်း ၁၆.၆.၂၀၁၂ မှ ၁၄.၇.၂၀၁၂ ထိ နေထိုင်သူအား ရုတ်တရက် စိတ်မူမမှန်ဖြစ်ကာ ၂၀၁၂ခုနှစ်၊ ဇွန်လ ၁၈ရက်နေ့တွင် အင်းလေးသို့ရောက်ရှိစဉ် ၀ယ်ယူခဲ့သော အရိုးအသွား ၁၂လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ထိုး ၍ Mrs. KIMPUN-NAN တွင် ၀ဲ/ယာရင်ဘက်ပြတ်ရှ ဒဏ်ရာ (၈) ချက်၊ ၀မ်းဗိုက်တွင် (၁၀)လက်မခန့် ကန့်လန့်ဖြတ်ပြတ်ရှပေါက်ပြဲ အူထွက်ဒဏ်ရာ၊ ချက်အောက်မှ မိန်းမ အင်္ဂါအထိ (၈)လက်မခန့်ပြတ်ရှ ပေါက်ပြဲဒဏ်ရာတို့ရရှိကာ အခင်း ဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူ ကိုရီးယားနိုင်ငံသားကို ဗဟန်းရဲစ ခန်း (ပ)၂၉၇/၂၀၁၂ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
သေဆုံးသူ၏ ခန္ဓာကိုယ်အား စစ်ဆေးရာတွင် ယာမျက်လုံးနှင့် နှာခေါင်းရိုးကြား ထိုးသွင်းဒဏ်ရာ ၁ ချက်၊ အပေါ်နှုတ်ခမ်းဘေး ပြတ်ရှ ဒဏ်ရာ ၁ချက်၊ လည်ပင်းတွင် ထိုး သွင်းဒဏ်ရာ ၁ချက်၊ ယာညှပ်ရိုးအ ပေါ်တွင် ထိုးသွင်းဒဏ်ရာ ၁ချက်၊ လည်ပင်းအောက်တွင် ထိုးသွင်းဒဏ် ရာ ၁ချက်၊ ယာရင်အုံ၌ ထိုးသွင်း ဒဏ်ရာ ၂ချက်၊ ရင်ညွန့်၌ ထိုးသွင်း ဒဏ်ရာ ၁ချက်၊ ၀ဲဘက်ရင်အုံ၌ ထိုးသွင်းဒဏ်ရာ ၂ချက်၊ ၀ဲဘက်ရင်အုံ ဘေး၌ ထိုးသွင်းဒဏ်ရာ ၁ချက်၊ ၀မ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ၀မ်းဗိုက်တွင် (၆)လက်မခန့် ကန့်လန့်လှီးဖြတ်ထားပြီး အူထွက်နေသည့် ဒဏ်ရာ ၁ချက်၊ ဆီးခုံတစ်လျှောက်ချက်မှ အမျိုးသမီးအင်္ဂါအထိ T ပုံသဏ္ဍာန်ထိုးခွဲဒဏ်ရာ ၁ချက် တို့ရရှိခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့မှ စကားပြန်များ ၏ အကူအညီဖြင့် စစ်ဆေးခဲ့ရာ ၂၀၁၂ခုနှစ်၊ ဇွန်လ ၁၆ရက်နေ့တွင် ဗီယက်နမ်လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ရောက်လာပြီး ယုဇနဟိုတယ် တွင် တည်းခိုခဲ့ကာ၊ ၁၇ရက်နေ့ တွင် ပုဂံသို့သွားခဲ့ကြောင်း၊ ၁၈ရက် နေ့တွင် အင်းလေးသို့ သွားရောက် ခဲ့ရာ ခေါင်တိုင်ရွာဈေးတွင် အရိုးအသွား(၂၅)စင်တီမီတာခန့်ရှည်သော ကနုတ်ပန်းအရိုးနှင့် ဓားအိမ်ပါ ဓားဦးချွန်တစ်ချောင်းအား အမေရိကန် ဒေါ်လာ ၂၀ဖြင့် ၀ယ်ခဲ့ကြောင်း၊ ၄င်း ဓားဝယ်ရခြင်းမှာ ကွယ်လွန်သွား သော အစ်ကိုဖြစ်သူမှ အမှတ်တရ၀ယ်ရန် မှာသည်ဟု စိတ်၌ခံစားရ၍ ၀ယ်ခြင်းဖြစ်ကြောင်း၊ ကားပေါ်ရောက်မှ ထိုဓားဝယ်လာသည်ကို ဇနီးမှတွေ့၍ မလိုလားကြောင်း ပြောသော်လည်း အိတ်အတွင်းဝှက်၍ သယ်ယူခဲ့ပြီး ၁၉ရက်နေ့တွင် ရန်ကုန်သို့ပြန် ရောက်ကာ ယုဇနဟိုတယ်အခန်း (၈၀၅)၌ တည်းခိုခဲ့ကြောင်း စစ်ဆေး ချက်အရသိရသည်။
ဆက်လက်၍ ၄င်းနေ့တွင် ဇနီးသည်မှ ည၁၀နာရီခန့်မှစ၍ အိပ်နေသည်ကို ၄င်းမှထိုင်ကြည့်နေ ပြီး ဇနီးဖြစ်သူအိပ်ပျော်ပြီး ၁နာရီ တွင် ၄င်းလည်း အိပ်ပျော်ခဲ့ကြောင်း၊ မအိပ်မီ အရက်၊ ဆေးဝါးသောက်သုံး ထားခြင်းမရှိကြောင်း၊ ၂၀ရက်နေ့ ၂ နာရီအချိန်ခန့်တွင် အပေါ့သွားလိုသဖြင့်သွားပြီး ပြန်အိပ်မရသဖြင့် ထိုင်နေစဉ် ၃နာရီအချိန်ခန့်တွင် ၄င်းမှ အသံနက်ကြီးဖြင့်အော်ရာ ဇနီးဖြစ် သူလန့်နိုးလာပြီး ဘာဖြစ်နေတာလဲ ဟုမေးရာ ၄င်း၏အမူအရာအားကြည့်၍ ကြောက်ပြီးတံခါးဝဘက်သို့ထွက်ပြေးသဖြင့် ၄င်းမှလိုက်ဖမ်းခဲ့ရာ ပြေးလွှားရင်းဖြင့် တံခါးပေါက်နှင့် ၅ပေခန့်အကွာ၌ ဖမ်းမိ၍ အနီးဝန်းကျင်အား ကြည့်ရာ ၄င်း၏ခရီး ဆောင်အိတ်မှာ ပွင့်နေပြီး ဓားတွေ့သဖြင့် ဓားယူပြီး ဇနီး၏၀မ်းဗိုက်သို့ ဓားဖြင့်ထိုးရာ ဇနီးဖြစ်သူ Mrs. KIMPUN-NAN မှာ ၄င်းနေရာ၌ လဲကျသွားပြီး ဓားနှင့်အချက်ပေါင်း များစွာ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ် တို့သို့ ဆက်တိုက်ထိုးပြီး ၀မ်းဗိုက်အားဓားဖြင့် လှီးခြင်း၊ ဆီးစပ်တွင် ဓားဖြင့် ၃/၄ကြိမ်ခန့်လှီးဖြတ်ခြင်း တို့ပြုလုပ်ခဲ့ကြောင်း၊ ထိုစဉ် ၄င်း၏ ဇနီးမှာ အော်ဟစ်ခြင်းမရှိကြောင်း၊ ဇနီး၏ အပေါ်အကျီအား ချွတ်ပစ် ခြင်း၊ အတွင်းခံဘောင်းဘီအား ဓားဖြင့်လှီးခြင်းများပြုလုပ်ခဲ့ပြီး ဇနီး အားသတ်ပြီးနောက် တံခါးကို ဓားဖြင့် ထိုးခြင်းပြုလုပ်ကြောင်း၊ ဓားအားမည်သို့ ထားလိုက်သည်ကိုလည်း မသိတော့ကြောင်း၊ ထိုသို့ ပြုလုပ်ပြီးနောက် အခန်းအပြင်ထွက် ၍ အခန်း(၈၀၁)တွင် တည်းခိုနေသည့် Mr. Lee Jong Kwon နှင့် ဇနီးအား ၄င်းမှ ၄င်း၏ဇနီးကို ဓားဖြင့်သတ်ခဲ့မိ၍ မည်သို့ဆက်လုပ်ရမည်ကို မေးမြန်းခဲ့ကြောင်း၊ ၅နာရီ အချိန်ခန့်တွင် ရဲများရောက်လာပြီး ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရကြောင်း၊ ဇနီးဖြစ်သူအား သတ်သည့်အချိန် တွင် ၄င်း၏စိတ်၌ မူမမှန်ဖြစ်နေကြောင်း စစ်ဆေးချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဗဟန်းမြို့နယ် တရားသူကြီး ဦးဆန်းထွဋ်ရှေ့မှောက်၌ ကျူးလွန်သူမှ ဖြောင့်ချက်ပေးခဲ့ပြီး ကျူးလွန်သူကို အင်းစိန်အကျဉ်းထောင် အချုပ်တွင် ချုပ်နှောင်ထားကြောင်း သိရှိရသည်။
ကျူးလွန်သူသည် စိတ်မူမမှန်မှု နှစ်ကြိမ်ဖြစ်ခဲ့ဖူးကြောင်း၊ စိတ်မူ မမှန်သည့်အချိန်တွင် ၀ူးဝူးဝါးဝါး အော်တတ်ကြောင်း၊ အနီးတွင်တွေ့ ရှိသော ကော်ကဲ့သို့ပစ္စည်းများကို ၀ါးစားတတ်ကြောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသံရုံးမှ ကောင်စစ်ဝန်တစ်ဦးက ကျူးလွန်သူ၏ အစ်ကိုဖြစ်သူထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းချက်အရ သိရှိရသည်။
ပြည်တွင်းသို့ ယခုနှစ်အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည်များ ယမန်နှစ်များကထက် ပိုမိုဝင်ရောက် လာခြင်းနှင့်အတူ နိုင်ငံခြားသားများ နှင့်ဆက်စပ်၍ အမှုဖြစ်စဉ်များလည်း ယခင်နှစ်များကထက် ပိုမိုဖြစ်ပွား လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။
ယခုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ဖြစ်သူ ဦးသက်လွင်က “လက်ရှိ ခရီးသွားဖွံ့ဖြိုးမှုက ကောင်းနေတယ်။ တစ်နေ့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နိုင်ငံတကာက လေယာဉ်ပေါင်း အစီး၂၀ကျော်လောက် ၀င်ပါတယ်။ ခရီးသွားဧည့်သည် တွေ တစ်နေ့ကို ဦးရေ ၂၀၀၀ ကျော်လောက်ဝင်တယ်။ အဓိကက တော့ နိုင်ငံခြားသားတွေကလည်း ပြစ်မှုကျူးလွန်နိုင်တဲ့ အခြေအနေ တွေရှိတယ်။ အဲဒီခရီးသွားတွေကို ကြောက်စရာလည်းမလိုဘူး။ အထင် ကြီးစရာလည်းမလိုဘူး။ ဒါပေမယ့် လိုအပ်ရင်ကူညီဖို့ပဲလိုပါတယ်။ ဒီ ဖြစ်စဉ်မှာဆိုရင် သူတို့အခန်းထဲမှာ  စဖြစ်နေတာ နံနက် ၂နာရီနဲ့ ၃နာရီ ၀န်းကျင်ဖြစ်တယ်။ အဲဒီအချိန်မှာ ဟိုတယ်ဝန်ထမ်းတွေက တစ်ဆင့် သက်ဆိုင်ရာကို အမြန်အကြောင်းကြားမယ်ဆိုရင် ဒီအခြေအနေထိ ဖြစ်သွားစရာ မရှိဘူးလို့ ယူဆတယ်။ အဲဒါတွေကြောင့် အခုပြည်တွင်းမှာ နိုင်ငံခြား ခရီးသွားဧည့်သည်တွေနဲ့ ဆက်နွယ်ပြီးလုပ်နေတဲ့ သူတွေက မှုခင်းအသိ သတိရှိဖို့လိုတယ်။ ပြီးရင် နီးစပ်ရာ ရဲစခန်းကို ဆက်သွယ်ပြီးပြောဖို့လိုပါတယ်” ဟုပြောကြားခဲ့သည်။
ဆက်လက်၍ “ပြီးခဲ့တဲ့ လတုန်းက နေပြည်တော်မှာ တရုတ်နိုင်ငံ သားနှစ်ဦးက ဟိုတယ်တစ်ခုမှာ တည်းပြီးတော့ သူတို့မှာပါလာတဲ့ ယူရိုပိုက်ဆံတွေ ပျောက်တယ်လို့ ပြောတဲ့အတွက် ဟိုတယ်က ပိုက်ဆံတွေ ပြန်လျော်ပေးခဲ့ရတယ်။ ဒါပေမယ့် ပြန်စစ်ဆေးကြည့်တော့ သူတို့ လိမ်ပြီးခွင်ဆင်ခဲ့တာပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက ရန်ကုန်မြို့က ကုန်သည်ကြီးများဟိုတယ်မှာ ဖွင့် ထားတဲ့ ချယ်ရီဦးနာရီဆိုင်က အဖိုး တန်နာရီတစ်လုံးကို နိုင်ငံခြားသား တစ်ဦးက ခိုးသွားတဲ့ဖြစ်စဉ်၊ ပြီးတော့ ဒီနှစ်ထဲမှာ အင်ဒို၊ မလေးရှားနိုင်ငံသားအချို့က ဗီဇာအတုစစ်ဆေးတွေ့ ရှိတာတွေ၊ နောက်ပြီးတော့ ဂျပန်နိုင်ငံသားတစ်ဦးက မြန်မာအမျိုးသမီး တစ်ဦးကို ပါးရိုက်တဲ့ဖြစ်စဉ်တွေ ရှိခဲ့တယ်။ ဒီလိုဖြစ်စဉ်တွေကြောင့် နိုင်ငံခြားသားနဲ့ ဆက်နွယ်ပြီး အလုပ်လုပ်နေတဲ့ အဆင့်ဆင့်ဝန်ထမ်းတွေ က မှုခင်းအသိ၊ သတိရှိသင့်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။