Sunday, June 24, 2012

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ မြေနီကုန်းအရေးအခင်း(၂၄)နှစ်ပြည့်အခမ်းအနားကျင်းပ

မြေနီကုန်းအရေးအခင်း(၂၄)နှစ်ပြည့်အခမ်းအနားအား မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တောင်ခွင်း မင်းကြီးကျောင်းတိုက်တွင် ဇွန်လ(၂၂)ရက်နေ့က အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ ကြီးမှူးကျင်းပခဲ့သည်။
 အဆိုပါအခမ်းအနားသို့ (၁၉၈၈)အရေးအခင်းကာလအတွင်း မန္တလေးမြို့မှ သံဃာ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဂဋုန်နီဆရာတော် ဦးကာဝိရ ၊ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ မစိုးရိမ်တိုက်သစ်မှ ရှင်ဝီရသူနှင့် အခြားဆရာတော်(၃)ပါးအပါအ၀င် အထက်ဗမာပြည်ကျောင်းသားများနှင့် ရန်ကုန်မြို့မှ ကျောင်းသားခေါင်း ဆောင်တစ်ဦးဖြစ်သူ ကိုကျော်ကိုကိုတို့ တက်ရောက် ခဲ့ကြသည်။


အဆိုပါအခမ်းအနားကို ဆရာတော်များ၏ သြ၀ါဒများဖြင့် စတင်ကာ ကျဆုံးသွားသောတော်လှန်ရေးကျောင်းသား ရဲဘော်များအတွက် ရေစက်ချအမျှ ဝေခဲ့ကြသည်။

ယခုလို အောက်မေ့ဖွယ်အမှတ်တရ အခမ်းအနားများကျင်းပနေရခြင်းမှာ မြန်မာပြည်တွင် ငြိမ်းချမ်းမှုမရှိဟု ပြသရာရောက်ကြောင်းနှင့် သမိုင်းကိုတန်ဖိုးထားကာ သူရဲကောင်းများအား ဂုဏ်ပြုရန်အတွက် ဆရာတော် ရှင်ဝီရသူက ယခုလို မိန့်ကြားခဲ့သည်။

“တကယ်လို့သာ ဦးဇင်းတို့တိုင်းပြည်က လွတ်လပ်နေမယ်ဆိုရင် မြောက်ပိုင်းကျောင်းသားတွေ တောခိုစရာ မလိုဘူး   မြောက်ပိုင်းမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်စရာမလိုဘူး ၊ မြောက်ပိုင်း ကျောင်းသားတွေ အဖြစ်အပျက်က မလွတ်လပ်ခြင်းရဲ့သင်္ကေတပဲ ၊ အဲဒီလိုပဲ မြေနီကုန်းအရေးအခင်း ၊ ကျောင်းသားသမဂ္ဂအရေး အခင်းတို့ ၊ တံတားနီအရေးအခင်းတို့ အရေးအခင်းမှန်သမျှမှ သွေးမြေကျရခြင်းက မလွတ်လပ်ခြင်းရဲ့ သင်္ကေတပဲ’’ ဟု ဆရာတော်မှ မိန့်ကြားခဲ့သည်။


ဆက်လက်၍ နာမည်ကြီးဆရာတော်ဖြစ်သည့် ဂဋုန်နီဆရာတော် ဦးကာဝိရက နိုင်ငံရေးတွင် ရိုးသားရန်နှင့် တိုင်းပြည်အကျိုး အမျိုးသားအကျိုးကိုသာ ဆောင်ရွက်ရန်နှင့် ကိုယ်ကျိုးမဖက်ကြရန်မိန့်ကြားခဲ့ပြီး (၈၈)အရေး အခင်းကာလဖြတ်သန်းမှု အတွေ့အကြုံများကို လူငယ်ကျောင်းသားများအား ရှင်းလင်းမိန့်ကြားခဲ့သည်။
 
ဗမာပြည်ကျောင်းသားသမဂ္ဂ တရားဝင်ရပ်တည်ခွင့်ရရှိရန် ကျောင်းသားအရေးအနေဖြင့်သာ လှုပ်ရှားဆောင်ရွက်လိုကြောင်းနှင့် ရပ်တည်ခွင့်ရရှိရန် ပြည်ထဲရေးဝန်ကြီးဌာနလက်အာက်မှ လက်မှတ်ထိုးမှတ်ပုံတင်ရန် မလိုလားကြောင်း (ဗကသ)ကျောင်း သားခေါင်းဆောင်တစ်ဦးဖြစ်သူ ကျော်ကိုကိုက ဆိုသည်။
 

“ဗကသ တရားဝင်ရပ်တည်ဖို့ကို ကျွန်တော်တို့ ကျောင်းသား/ကျောင်းသူတွေက လှုပ်ရှားမှုတွေ လုပ်နေပါတယ်၊ ၊ဥပဒေအရ တရားဝင်ရပ်တည်ဖို့ကို ကျွန်တော်တို့က ပြည်ထဲရေးဝန်ကြီးဌာနအောက်က လက်မှတ်ထိုးမှတ်ပုံတင်ဖို့ရာမလိုလားပါဘူး ၊ ကျွန်တော်တို့လိုလားတာကလွှတ်တော်ထဲကနေတက္ကသိုလ်အက်ဥပဒေကို ပြန်လည်ပြဌာန်းစေပြီး တက္ကသိုလ်ထဲမှာ   ကျောင်းသားသမဂ္ဂကို လွတ်လွတ်လပ်လပ် ပြန်လည်လှုပ်ရှားခွင့် ပေးတဲ့ တရားဝင်မှုမျိုးကိုပဲ လိုလားပါတယ်”ဟု အခမ်းအနားသို့ တက်ရောက်လာသည့် အဆိုပါ ဗကသ ကျောင်းသားခေါင်းဆောင်ကပြောကြားခဲ့သည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။