Sunday, June 24, 2012

ကွန်တိန်နာတင်ယာဉ်တစ်စီး အရှိန်လွန်ပြီး လမ်းဘေးရှိ ဓာတ်တိုင်နှင့် ခရေပင်များအား ၀င်တိုက်မှုဖြစ်ပွား

ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သော ကွန်တိန်နာတင်ယာဉ်အား တွေ့ရစဉ်
ဇွန်လ ၂၁ ရက်နေ့က ဘုရင့်နောင်လမ်းမကြီးပေါ်တွင် ကွန်တိန်နာတင်ယာဉ်တစ်စီး အရှိန်လွန်ပြီး လမ်းဘေးဓာတ်တိုင်နှင့် ခရေပင်များအား ၀င်တိုက်မိခဲ့သောသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သော ကွန်တိန်နာတင်ယာဉ်အား တွေ့ရစဉ်

ဖြစ်စဉ်မှာ ဇွန်လ ၂၁ ရက်နေ့ နံနက် ၆နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဘုရင့်နောင်ဘက်မှ မြို့တွင်းဘက်သို့ ယာဉ်မောင်း ရဲမင်းဦး ၂၃ နှစ် မောင်းနှင်လာသော ၁၈ ဘီး ကွန်တိန်နာတင်ယာဉ်တစ်စီးသည် ကမာရွတ်မြို့နယ်၊ ၄ ရပ်ကွက်၊ ရေကြောင်းသိပ္ပံအရာရှိရိပ်သာရှေ့အရောက်တွင်  အငှားယာဉ်တစ်စီးအား ရှောင်တိမ်းရာမှ အရှိန်လွန်ပြီး လမ်းဘေးရှိ ဓာတ်တိုင်နှင့် ခရေပင်များအား  ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သော ကွန်တိန်နာတင်ယာဉ်အား တွေ့ရစဉ်

''ကျွန်မက အဲဒီအချိန်တုန်းက ထမင်းအိုးတည်နေတာ။ ၀ုန်း ဆိုတဲ့အသံကြားပြီး ကြည့်လိုက်တော့ ကားကခေါင်းပိုင်းကြေမွနေပြီး မီးခိုးတွေ ထွက်နေတယ်။ ကားထဲက စပယ်ယာကတော့ ပြေးထွက်လာပြီး ဖုန်းဆက်သေးတယ်။ ဒရိုင်ဘာကတော့ ခေါင်းထိသွားတယ်ထင်တယ်။ သွေးတွေ အရမ်းထွက်နေတယ်။ တော်တော်လေးကို ဆွဲထုတ်ယူရတာ တွေ့တယ်''ဟု ဖြစ်စဉ်အနီးတွင် ထမင်းဟင်း ရောင်းချသူတစ်ဦးက ပြောပါသည်။ အဆိုပါယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့်ယာဉ်မောင်းနှင့် ယာဉ်အကူတို့ ဒဏ်ရာရရှိခဲ့ပြီး၊ ၃၃ကေဗွီ အောင်မြေသာစည်ဓာတ်အားလိုင်း ၊ ၆.၆ကေဗွီ လှည်းတန်းဓာတ်အားလိုင်းနှင့် ၆.၆ ကေဗွီ ရေကြောင်းကောလိပ်ဓာတ်အားလိုင်းများ တပ် ဆင်ထားသည့် ဓါတ်တိုင်တစ်တိုင်နှင့် ခရေပင်နှစ်ပင် ပြိုလဲသွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းနှင့် ယာဉ်အကူတို့အား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ဆေးကုသမှုခံယူနိုင်ရန် ပို့ဆောင်ထားကြောင်းနှင့် ယာဉ်မောင်းမှာ ဒဏ်ရာပြင်းထန်သောကြောင့် ဦးနှောက်နှင့် အာရုံကြော အထူးကြပ်မက်ကုသ ဆောင်သို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း စုံစမ်းသိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။