Sunday, June 24, 2012

 အစိုးရသစ် လက်ထက်တွင် ၀န်ကြီးဌာနအချို့နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့တို့မှ ပြည်တွင်း မီဒီယာများအား တတိယအကြိမ် တရားစွဲ၊ လျှပ်တစ်ပြက် သတင်းဂျာနယ် အယ်ဒီတာချုပ်အား ပုဒ်မ ၅၀၅ (ခ)(ဂ) တို့ဖြင့် တရားစွဲ

၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော အရပ်သားအစိုးရ အဖွဲ့မှ နိုင်ငံတော်သမ္မတ၏ ပထမဆုံး မိန့်ခွန်းတွင် စတုတ္ထမဏ္ဍိုင်နှင့် ပတ်သက်ပြီး အလေးပေး ပြောကြားခဲ့သော်လည်း တစ်နှစ်ကျော်သာ ရှိသေးသော အစိုးရသက်တမ်း အတွင်း၌ ပြည်တွင်း မီဒီယာများကို ၀န်ကြီးဌာနအချို့နှင့် အစိုးရအဖွဲ့များက တရား စွဲဆိုမှုများရှိခဲ့ရာ တတိယအကြိမ် အဖြစ် လျှပ်တစ်ပြက် သတင်းဂျာနယ် အယ်ဒီတာချုပ်အား ပုဒ်မ ၅၀၅ (ခ)(ဂ)တို့ဖြင့် တရားစွဲဆိုလိုက်ကြောင်း သတင်းရရှိပါသည်။
ယခုကဲ့သို့ ပြည်တွင်းမီဒီယာများ အပေါ် အစိုးရအဖွဲ့က တရားစွဲဆိုနေခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် နောက် ပြန်မလှည့်တမ်း လျှောက်လှမ်းနေသည် ဆိုသည့်အချက်အား ယုံကြည်မှု ကျဆင်းစေသလို ယခင်အစိုးရ လက်ထက်က ရရှိခဲ့သည့်သတင်း လွတ်လပ်ခွင့်ထက်ပင် အဆင့်အတန်း နိမ့်ကျလာသည်ဟု စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ ပြောဆိုမှုရှိလာခဲ့သည်။
အစိုးရသစ်လက်ထက်တွင် “လမ်းလွှဲလေးတော့ ကောင်းစေချင်” သတင်းဆောင်းပါးကြောင့် မော်ဒန် သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ နှင့် သတင်းထောက်တို့ အသရေဖျက်မှု ဖြင့် ပထမဆုံး တရားစွဲဆိုခံခဲ့ရသည်။ ဆက်လက်ပြီး ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ထုတ် The Voice Weekly  သတင်းဂျာနယ် အတွဲ ၈၊ အမှတ် ၁၃ ၌ “ ၀န်ကြီးဌာနအချို့ ၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ” သတင်းဖော်ပြခဲ့သဖြင့် သတ္တုတွင်းဝန်ကြီးဌာန၏ တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ယခု တတိယ အကြိမ်အဖြစ် လျှပ်တစ်ပြက်သတင်း ဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင် အားပုဒ်မ ၅၀၅(ခ)(ဂ)တို့ဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်သည်။
မော်ဒန်သတင်းဂျာနယ်သည် အမှားပြင်ဆင် တောင်းပန်ခြင်းထည့်ခဲ့သဖြင့် အမှု ကျေအေးပေးခဲ့သော်လည်း The Voice Weekly သတင်းဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ပြီး လက်ရှိအချိန်ထိ တရားရုံးတွင် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။
လျှပ်တစ်ပြက် သတင်းဂျာနယ် အား ဇွန်လ ၁၉ ရက်နေ့စွဲဖြင့် ပုဇွန်တောင်မြို့နယ်တရားရုံးက ၂၀၁၂ ခုနှစ်၊ ပြစ်မှုကြီးအမှတ် ၁၈၈ ပါ သမ္မာန်စာဖြင့် “လူကြီးမင်းသည် ပြစ်မှု ပုဒ်မ၅၀၅(ခ)(ဂ)ကို ကျူးလွန် ကြောင်းနှင့် စွဲချက်ရှိသည်ကို ထုချေရှင်းလင်းရန် လာရောက်စေလိုသည် ဖြစ်၍ တရားသူကြီးရှေ့သို့ ၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် မပျက်မကွက် ကိုယ်တိုင်လာရောက်ရမည်” ဖြစ်ကြောင်း သမ္မာန်စာဖြင့် ဆင့်ခေါ်ထားသည်ဟု သိရသည်။
“ဥပဒေနဲ့အညီ ရင်ဆိုင်သွားမှာပါ။ တစ်ယောက်ထဲ အကျိုးအတွက် မဟုတ်ပါဘူး။ အားလုံးအတွက်ပါ။ အာမခံ ပေးတယ် မပေးဘူးဆိုတာ တရားရုံးရဲ့အဆုံးအဖြတ်ပါ” ဟု လျှပ်တစ်ပြက် သတင်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ပြောကြားသည်။ မည်သည့်သတင်းအတွက် တရားစွဲ ဆိုသည်ကို တိတိကျကျ သိရှိပါသလားဟု မေးမြန်းမှုအပေါ် တိတိကျကျ မသိရှိရသေးကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့ပါသည်။
လျှပ်တစ်ပြက် သတင်းဂျာနယ်သည် အတွဲ ၃ အမှတ် ၉၁ အချပ်ပို စာမျက်နှာတွင် “နိုင်ငံပိုင် သတင်းစာ နိုင်ငံပိုင်မီဒီယာ၏ မှားယွင်းဖော်ပြမှု မည်သူတာဝန်ယူမည်နည်း” ဆိုသည့် သတင်းကိုလည်း ဖော်ပြထားခဲ့သည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ “ဒီလျှပ်တစ်ပြက် သတင်းဂျာနယ်ကို ကျွန်တော်တို့ကြည့်ပြီးပါပြီ။ မှားယွင်း ဖော်ပြခဲ့ပြီးတဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကတော့ မေးရမှာပဲ။ ဒါကိုအပြစ်တစ်ခုလို့ ကျွန်တော်တို့အနေနဲ့ မယူဆဘူး။ နောက်ပြီး အထဲမှာပါတဲ့ မိန်းကလေးရဲ့ပုံ။ ဒါလည်း မျက်နှာကို ရေးရေးလေး လုပ်ထားပါတယ်။ သာမန်အမြင်လို့ ပြောလို့ရရင် ဒါဘယ်လိုမှကြီးမားတဲ့ ပြစ်မှုကြီးတစ်ခု ကျူးလွန်ထားတယ် လို့မယူဆပါဘူး”ဟု ပြည်သူ့လွှတ်တော်အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဌ သူရဦးအေးမြင့်က ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုး တိုးတက်မှုကော်မတီနှင့် မီဒီယာများ၏ တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ)တွင်ပြဋ္ဌာန်းထားသည်မှာ “မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကို ဖြစ်စေ၊ သတင်းကိုဖြစ် စေပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင်၊ သို့တည်းမဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော်အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ဖြစ်စေထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သော သူကကျူးလွန်ချင်လာအောင် အများပြည်သူကိုသော် လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း ကြောက်ခြင်းထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေ တန်ရာသည့် အကြောင်းရှိလျှင် ထိုသူကိုနှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟူ၍ဖြစ်သည်။
ထို့အတူ မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကို ဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာ ရာတွင်၊ သို့တည်းမဟုတ် ဖြန့်ချိရာတွင် လူအမျိုးအစား အချင်းချင်းဖြစ် စေ၊ လူမျိုးစုအချင်းချင်း ဖြစ်စေတစ်ဖက်နှင့်တစ်ဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင်၊သို့ တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်၊  ထိုသူကိုနှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုး မျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅(ဂ) တွင် ပြဋ္ဌာန်းထားသည်။
“ကျွန်တော့်အမြင်အရ တရားတဘောင်စွဲတဲ့အထိ မဖြစ်စေချင် ဘူး။ မူဝါဒတွေ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မဖြစ်သေးတဲ့ အချိန်ကာလမှာ ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာ သင့်တယ်လို့ ယူဆတယ်။ ဟိုဂျာနယ်တရားစွဲခံရ၊ ဒီဂျာနယ် တရားစွဲခံရဖြစ်နေတာဟာ ကမ္ဘာမှာလည်း မကောင်းဘူး။ မြန်မာမှာ လည်း မကောင်းဘူး။ စတုတ္ထမဏ္ဍိုင်နဲ့ ဒုတိယမဏ္ဍိုင်တိုက်ပွဲလို ဖြစ်နေတာက မလိုလားအပ်တဲ့ ကိစ္စဖြစ်ပါတယ်”ဟု တရားလွှတ်တော် ရှေ့နေဦးသန်းမောင်(စစ်တွေ)က သုံး သပ်ပါသည်။
“အမှန်တော့ စာပေလွတ်လပ်ခွင့်၊ သတင်းစာ လွတ်လပ်ခွင့် (ight of expression) အပြည့်အ၀ရှိရင် ဒါတွေက ပြစ်မှုမမြောက်ပါဘူး။ လွတ်လပ်ခွင့်မရှိတဲ့ အခြေအနေတွေမှာ ဒါတွေက ဒီလိုမျိုးဖြစ်နေဦးမှာပါ။ အခုဟာက မေးခွန်းမေးတဲ့ကိစ္စ။ သတင်းစာမှာ မပါတာလည်း မဟုတ်ဘူး။ မပါတာကို တမင်ရေးတာ မဟုတ်ဘူး။ ပါတာကိုမေးခွန်းမေး ထားတာ။ ကျွန်တော်ကတော့ ဒီမေးခွန်းနဲ့ ပြစ်မှုမြောက်တယ် မထင်ပါဘူး။ ဓာတ်ပုံထည့်တယ်ဆိုတာ ပြည်သူအတွက် အကျိုးရှိမရှိ ချင့်ချိန်ရတယ်။ အရုပ်ဆိုး အကျည်းတန်တဲ့ ပုံမျိုးကိုတော့ မထည့်သင့်ပါဘူး။ ရည်ရွယ်ပြီး တမင်တကာထည့်တယ်ဆိုရင်တော့ ပြစ်မှုမြောက်နိုင်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဥာဏ်ဝင်းကပြောပါသည်။
တရားဥပဒေစိုးမိုးရေး အားကောင်းစေလိုပါက ဥပဒေအရကျောသားရင်သား ခွဲခြား၍ရမည် မဟုတ်ကြောင်း၊ မည်သူမဆိုပြစ်မှု ကျူးလွန်ပါက အရေးယူရမည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်သတင်းစာများ၏ မှားယွင်း ဖော်ပြမှုကြောင့် ဆန္ဒဖော်ထုတ်ပွဲများ ဖြစ်စေခဲ့ပြီး ပုဒ်မ ၅၀၅ အရ ပြစ်မှု မြောက်ပါက အရေးယူရမည်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံပိုင် သတင်းစာများ အနေနှင့်လည်း အရေးယူခံရသင့်ကြောင်း သုံးသပ်သူများလည်း ရှိနေပါသည်။
“မူဝါဒ ပီပီပြင်ပြင် မရှိတဲ့အချိန် မှာတရားရုံးကို ရောက်ရင် ဇာတ်လမ်းက ပိုရှုပ်သွားတယ်။ နောက်ပြီး မီဒီယာဥပဒေတွေက အခုပဲထွက်တော့မလိုလိုနဲ့၊ အခြေခံဥပဒေနဲ့ကိုင် စွဲရင်တော့ လွတ်လပ်တယ်ပေါ့။ သက်ဆိုင်ရာ ဥပဒေကျတော့ မရှိသေးဘူး။ မရှိသေးတဲ့အတွက် အရေးယူလို့ရတယ်ဆိုပြီး ဒီဥပဒေ၊ ဒီပုဒ်မရှိတယ်ဆိုတာ အင်မတန် ပြောဖို့လွယ်တယ်။ ပေါ်လစီဆိုတဲ့ အခြေခံဥပဒေနဲ့ကျတော့ သူတို့က ဒီလိုအချိန်မှာ ဒီလိုအရေးယူရသ လားဆိုတဲ့အရာတွေ ဖြစ်လာတဲ့အခါ မူဝါဒမပီပြင်တာတွေ ဖြစ်လာတယ်။ ဒီအချိန်မှာတော့ မျှမျှတတ ဘက်မလိုက်ဆိုတာထက် ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်သင့်တယ်” ဟု တရားလွှတ်တော် ရှေ့နေဦးသန်းမောင် (စစ်တွေ)က ဆိုပါသည်။
ဆင်ခြင်တုံတရားဟု ဆိုရာတွင်လည်း အကြောက်တရားဖြင့် ထိန်းချုပ်မှုမျိုး မဖြစ်စေရန်မှာ အရေးကြီးကြောင်း သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောပါသည်။
“ဆင်ခြင်တုံတရားနဲ့ စဉ်းစားရမယ်ဆိုတော့ ဆင်ခြင်တုံတရားဆိုတာ ဘာလဲလို့ ပြောစရာရှိတယ်။ ဆင်ခြင်တုံတရား ဆိုတာကို သူတို့ ပြောချင်တာက နည်းနည်းကြောက် ရကောင်းမှန်းသိ၊ လန့်ရကောင်းမှန်း သိဦး၊ မင်းတို့သိပ်ပြီး အတင့်မရဲနဲ့ ဆိုတဲ့ သဘောပြောသလိုမျိုး ဖြစ်နေတယ်။ တာဝန်သိမှုတို့၊ တာဝန်ယူမှု တို့ဆိုတာ သတင်းစာလုပ်ကတည်း က တာဝန်ယူရတာပေါ့။  ကြောက်ရ ကောင်းမှန်းသိဖို့၊ လန့်ရကောင်းမှန်း သိဆိုတာကို ပြောတာမျိုးဆိုရင် လက်မခံနိုင်ဘူး”ဟု ၎င်းကဆက်လက် ပြောကြားပါသည်။
“ကျွန်တော်မြင်တာကတော့ ဂျာနယ်တစ်ခုချင်း နှစ်ခုချင်းကို target ထားနေတယ်လို့ မထင်ဘူး။ The Voice ဆိုရင်လည်း ၀န်ကြီးဌာန အသရေဖျက်မှုနဲ့ ဆွဲထားတယ်၊ အခု ဒီကိစ္စမှာလည်း ပုဒ်မ ၅၀၅(ခ)(ဂ)နဲ့ ဆွဲတယ်ဆိုတော့ သူကဒီစာပေစိစစ်ရေး မရှိတဲ့အချိန်မှာ အဲဒီလိုမျိုးကိစ္စတွေ ကြုံရမယ်ဆိုတာကို ကျွန်တော် တို့လောကတစ်ခုလုံး ကို Warning ပေးသလိုလုပ်နေတဲ့ ပုံစံမျိုးလို့ မြင်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက အခုသူတို့ဖြေလျော့မှုတွေ လုပ်နေတယ်။ ဒီလိုအချိန်မှာ အခုလိုကိစ္စမျိုး က ကောင်းတဲ့လက္ခဏာ တစ်ခုလို့ ကျွန်တော်မထင်ဘူး”ဟု မြန်မာသတင်းစာဆရာများ အသင်းဖြစ်မြောက်ရေး ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးသီဟစော(Chief Editor မြန်မာ့ဓနနှင့် Open News Journal) က ပြောကြား ခဲ့ပါသည်။
“ကျွန်တော်တို့ နားလည်ထားရမှာက သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်နဲ့ တာဝန်သိမှုပဲ။ အဲဒါကို ကျင့်ဝတ်လို့ ခေါ်တာပေါ့။ လွတ်လပ်ခွင့်နဲ့ တာဝန်သိမှုအပေါ် ကျင့်ဝတ်ကို စောင့်ထိန်းမယ်။ လွတ်လပ်ခွင့်ကို အသုံးချမယ်ဆိုတဲ့ အချက်မှာ ညီရင်ရပါပြီ။ ကျန်တာတွေက ဥပဒေတွေ ရေးဆွဲပြီးပေမယ့် နည်းဥပဒေ မရှိသေးလို့ အသက်မ၀င်ဘူးဆိုတဲ့ ပြဿနာတွေ အများကြီးရှိတာပဲ။ ပြန်ပြင်ရမယ့် ဥပဒေတွေလည်း အများကြီးရှိတယ်။ အခုချိန်မှာ သေချာတာကတော့ လွတ်လပ်ခွင့်နဲ့ တာဝန်ခံခွင့်လိုတယ်။ ကျင့်ဝတ်စောင့်ထိန်းရမှာက တစ်ဖက်ကရှိတယ်။ ပြီးတော့လွတ် လပ်ခွင့်ကို ရဲရဲတင်းတင်း အသုံးချကြဖို့ပါပဲ”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမင်းကိုနိုင်ကလည်း ပြောပါသည်။
အစိုးရသစ် လက်ထက်တွင် နယ်ပယ်အသီးသီး၌ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မည်ဟု တရားဝင် ပြောကြားထားသလို ကဏ္ဍအချို့တွင်လည်း ယခင်ကထက် ပိုမိုပွင့်လင်းထင်သာသည့် အနေအထားမျိုးများ တွေ့လာရသည်။ ထို့အတူ နိုင်ငံတော် သမ္မတကိုယ်တိုင် ပြည်သူသို့ပြောကြားခဲ့သော မိန့်ခွန်းများတွင် မီဒီယာများ၏ အခန်းကဏ္ဍနှင့် အရေးပါမှုကို စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြု ပြောကြားခဲ့သည်။ အမှန်တကယ်လည်း နိုင်ငံနှင့်လူမျိုးအကျိုးစီးပွား အတွက် ပုဂ္ဂလိကမီဒီယာများ၏ အရေးပါမှု ပိုမိုသိသာလာသလို ပြည်သူများက ပိုမိုယုံကြည် အားထားလာသည်။ ထို့ကြောင့်လည်း မီဒီယာ လောက၏ အပြောင်းအလဲကို မီဒီယာလောကသားများ အပြင် ပြည်သူများကလည်း မျှော်လင့်တကြီး စိတ်ဝင်စားခဲ့ကြသည်။ မီဒီယာများအတွက် အဓိကအနီးကပ်ဆုံး တာဝန်ယူ ထိန်းသိမ်းထားသော ပြန်ကြားရေးဝန်ကြီး ဌာနက ယခုနှစ်ပိုင်းအတွင် ဖြေလျော့မှု အချို့ပြုလုပ်ပေးခဲ့သည်။ သတင်း ဂျာနယ်အများအပြား ထုတ်ဝေခွင့်ပြု ခဲ့သည်။ သို့သော် မီဒီယာလောက ဖွံ့ဖြိုးမှုအတွက် မည်သည့်အချက်များ ဖြင့် အမှန်တကယ် ပြောင်းလဲပေးခဲ့သည်ဟု ပြောရာမှာမူ ခက်ခဲလှကြောင်း သုံးသပ်ခဲ့ကြသည်။
“အစိုးရဌာနတွေက မီဒီယာရဲ့ အခန်းကဏ္ဍနဲ့တာဝန်ကို ကောင်းကောင်းမသိဘဲ ငါတို့ကို ဝေဖန်ပုတ် ခတ်ရင်၊ ထိခိုက်ရင်တရားစွဲလိုက် မယ်ဆိုရင်တော့ မီဒီယာလောကအ တွက်ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ် လို့မြင်ပါတယ်။ မီဒီယာအချင်းချင်း မို့ မီဒီယာဘက်က အမြဲမှန်တယ်လို့မ ပြောဘူး။ အစိုးရ၀န်ထမ်းတွေအနေနဲ့ ဒီမိုကရေစီကျကျ ကိုယ့်လုပ်ရပ်နဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မှတ်ကျောက်တင်ခံနိုင်ရမယ်။ မီဒီယာ လွတ်လပ်ခွင့်မရှိရင် ဒီမိုကရေစီနိုင်ငံ ဘယ်လိုမှမဖြစ်နိုင်ဘူး။ မီဒီယာ လွတ်လပ်ခွင့်ကို ထိန်းချုပ်ရာရောက် တဲ့ ထိန်းချုပ်ဖို့ကြိုးစားတဲ့ အပြုအမူ က ဒီမိုကရေစီကို ဆန့်ကျင်တာပဲ” ဟု 7 Days News ဂျာနယ်အမှုဆောင် အယ်ဒီတာ ကိုအားမာန်က ပြောကြားပါသည်။
ပြည်တွင်းမီဒီယာများ တရား စွဲဆိုခံရမှုများ ပေါ်ပေါက်နေသော်လည်း ယခင်အစိုးရ လက်ထက်က ပြည်ပမှနေ၍ အစိုးရကို တိုက်ရိုက် ဝေဖန်ခဲ့ကြသော၊ အချို့ဆိုလျှင် ပုဂ္ဂိုလ်ရေးဝေဖန်မှုများပါ ပြုလုပ်ခဲ့ကြသော်လည်း ယခုအခါတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် တရားဝင် ဆက်သွယ်ဆောင်ရွက်ခွင့်များ ရရှိနေကြပြီဖြစ်သည်ကိုလည်း ထောက်ပြခဲ့ကြသည်။
ထို့ပြင် ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် ပြည်တွင်းမီဒီယာများကို ထိန်းချုပ်သည့်နည်းတူ ပြည်ပ အခြေစိုက် မီဒီယာများ၊ နိုင်ငံတကာ မီဒီယာများမှ နိုင်ငံနှင့် လူမျိုးဂုဏ် သိက္ခာနှင့်အကျိုး ထိခိုက်စေနိုင်မှုများ ရှိလာပါက တန်ပြန်ဝါဒဖြန့်ချိသည့် နည်းထက် အမှန်တရားကို တိကျရှင်းလင်းစွာ ထုတ်ပြန် တုံ့ပြန်သည့်လုပ် ရပ်မျိုးရှိသင့်ကြောင်း သုံးသပ်မှုများရှိ နေသည်။ သို့သော် ပြည်တွင်းမီဒီယာများ၏ အမှားများကို ရှာဖွေတရားစွဲဆို အရေးယူမှုများပြုလုပ်ဖို့ မဆိုထားနှင့် ပြည်ပမီဒီယာများ၊ နိုင်ငံတကာမီဒီယာများ၏ မိမိနိုင်ငံ နှင့်လူမျိုးအပေါ် ထိခိုက်စေနိုင်သော ဖော်ပြမှုမျိုးကိုတရားဝင်တုံ့ပြန်ကန့်ကွက် မှုမျိုး မလုပ်သည်ကို မချင့်မရဲဖြစ်နေ ကြသူများလည်းရှိကြောင်း သိရသည်။ တစ်ဖက်တွင် ပြည်တွင်းမီဒီယာများနှင့် ပတ်သက်၍ပြန်ကြားရေး ၀န်ကြီးဌာနမှတစ်ဆင့် ထိန်းချုပ်ထားမှုများကို ဖြေလျော့ပေးရန် လုပ်ဆောင်နေဆဲကာလတွင် အစိုးရ၀န် ကြီးဌာနအချို့နှင့်ဒေသဆိုင်ရာအစိုးရ အာဏာပိုင် အဖွဲ့အစည်းများက တရားစွဲဆိုခြင်းသည် ပွင့်လင်းလာသော ဒီမိုကရေစီစနစ်တွင် မီဒီယာများ၏ လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့် ကို ကြိုတင်ဟန့်တားနေသည်ဟု ယူဆစရာအကြောင်းများ ရှိကြောင်းလည်း သုံးသပ်နေကြပါသည်။

ပြည်တွင်းမီဒီယာများ တရားစွဲဆိုခံနေရခြင်း အပေါ် အမြင်အချို့
‘ဖွဲ့စည်းပုံ အခြေခံဥပဒေအရပဲဖြစ်ဖြစ် ဒီမိုကရေစီစနစ်ရဲ့ စံချိန်စံညွှန်းအရ စာပေစိစစ်ရေးကို ဖျက်သိမ်းပြီးနောက်မှာ သတင်းမီဒီယာ(အထူးသဖြင့် လွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းဂျာနယ်)တွေကို တရား စွဲဆိုတဲ့နည်းနဲ့ အစိုးရကထိန်းချုပ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် ဒါဟာ အလွန်မှားယွင်းတဲ့၊ အရင်စနစ်ဟောင်းထက် အများကြီးဆိုးတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ ဥပဒေအချို့က ဟောင်းနွမ်းနေတယ်။ တရားစီရင်ရေး မဏ္ဍိုပ်က ယိမ်းယိုင်နေတယ်။ ဒါကိုအခွင့်ကောင်းယူတဲ့ ခြစားနေတဲ့ လာဘ်စားနေတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ထဲက တာဝန်ရှိသူ အချို့ရယ်၊ လူထုအပေါ် မတရားဖိနှိပ် အနိုင်ကျင့်တာကို မစွန့်လွှတ်နိုင်၊ လိပ်ပြာမလုံတဲ့ သူတွေဟာ သတင်းမီဒီယာတွေ အပေါ်မှာ အမြဲတမ်းရန်သူလို သဘောထားပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတယ်။ သူတို့က သတင်းတွေကို အမှောင်ချ လူကျွံဘောဖမ်းကစားဖို့ ကြိုးစားနေတယ်။ လက်ကိုင်တုတ် (proxy) တွေ မွေးပြီး အချင်းချင်း လှည့်ပတ်ရန် တိုက်သိက္ခာချတယ်။ စီးပွားရေးကပ်ပါးတွေ(Crony)တွေကို မတရားအခွင့်အရေးတွေ ပေးပြီး လက်ဝါးကြီးအုပ် လုပ်ခိုင်းတယ်။ ဂုဏ်သိက္ခာရှိတဲ့ သတင်းမီဒီယာတွေ မပေါ်လာအောင် လုပ်ပိုင်ခွင့်တွေ ကန့်သတ်တယ်။ အလံရှူးဂျာနယ်တွေ အများကြီး ထုတ်ဝေခွင့်ချပြီး ကျင့်ဝတ်နဲ့ မညီတာတွေဖြစ်လာရင် ဒါဟာဂျာနယ်တွေကြောင့် သူတို့ကိုဥပဒေအရ အရေးယူသင့်တယ် ဆိုပြီး နှပ်ကြောင်းပေးတယ်။ အခုဖြစ်ပေါ်နေတဲ့ သတင်းမီဒီယာ လောကမှာဖြစ်ပေါ်နေတဲ့ တရားစွဲမှုတွေကြောင့် အစိုးရအပေါ်မှာ အထင်အမြင် လွဲမှားစရာတွေ ဖြစ်လာလိမ့်မယ်’
ဒေါက်တာသန်းထွဋ်အောင် (CEO, Eleven Media Group)
‘အခုလုပ်နေတဲ့ မီဒီယာဥပဒေဟာ စာနယ်ဇင်သမားတွေကို ကာကွယ်တဲ့၊ စောင့်ရှောက်တဲ့ ဥပဒေဖြစ်ရမယ်။ လွတ်လပ်စွာ ရေးသားခွင့်လည်း ပေးကိုပေးရမယ်။ ပြီးတော့ စာနယ်ဇင်း လွတ်လပ်ခွင့် ပေးရုံတင်မကဘူး။ သတင်းစာတွေ ထုတ်ဝေခွင့်ပေးရမယ်။ စာနယ်ဇင်းမှာ ချို့ယွင်းနေတာက သတင်းစာ ဆိုတာ မရှိသေးဘူး။ သတင်းစာတစ်စောင်မှကို မရှိတာ။ စာနယ်ဇင်းမှာဂျာနယ်ရှိတယ်၊ မဂ္ဂဇင်းရှိတယ်၊ စာမှာကြတော့ အစိုးရသတင်းစာပဲ ရှိတယ်။ စာနယ်ဇင်းဆိုတာ သတင်းစာရယ်၊ ဂျာနယ်ရယ်၊ မဂ္ဂဇင်းရယ်။ အဲဒါတွေ ဖွံ့ဖြိုးလေ တိုင်းပြည်ဖွံ့ဖြိုးလေပဲ စာနယ်ဇင်းတွေက ရေးစရာရှိတာ ရေးသွားမှာ။ ကိုယ်လုပ်ချင်တိုင်း လုပ်မရအောင် လူတစ်ဦးတစ်ယောက် ထဲရဲ့ သြဇာအာဏာ ထူထောင်တာ ဒါမှန်သလား၊ မှားသလားဆိုတာ ဒီစာနယ်ဇင်းတွေကပဲ ရေးကြမှာ။ အဲဒီကျမှ ပြည်သူတွေအနေနဲ့ ဘယ်သတင်းစာက အမှားအမှန်ကို ရွေးချယ်နိုင်မယ်’
သတင်းစာဆရာကြီး မောင်သစ်လွင်(လူထု)
‘ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ။ စာနယ်ဇင်းတွေအပေါ်မှာ  အခုလို ကိုင်တွယ်ပြီး လုပ်လာတာကတော့ ကျွန်တော်တို့ရဲ့ အနာဂတ်က စဉ်းစားရမလို ဖြစ်လာတယ်။ ကျွန်တော်တို့အပေါ်မှာ ထားတဲ့သဘောထားက မှန်ကန်မှု ရှိသလားဆိုတာ ကျွန်တော်တို့ဘက်က စဉ်းစားစရာပြန်ပြီးတော့ ချိန်ထိုးကြည့်စရာ ဖြစ်လာတယ်လို့ ကျွန်တော်က အဲလိုပဲ မြင်ပါတယ်’
သတင်းစာဆရာကြီး ဦးကိုကိုကြီး(ကြေးမုံ)
‘အခု လျှပ်တစ်ပြက်ကို တရားစွဲတာနဲ့ပတ်သက်ပြီး အခြေခံပြီးပြောရရင် အခုတလောကျမှ ကျွန်တော်တို့ဂျာနယ်တွေ တရားစွဲခံရတဲ့အမှုတွေ ခဏခဏ ပေါ်ပေါက်နေတယ်။ အဲဒါကတော့ စာပေ စိစစ်ရေး ရုတ်သိမ်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ စာပေစိစစ်ရေးရှိတဲ့ ကာလကနေ စာပေစိစစ်ရေးမရှိတဲ့ ကာလကို အကူးအပြောင်းကြားမှာ ထိခိုက်မှုတွေလို့ ကျွန်တော်မြင်ပါ တယ်။ အဲဒီတော့ အကူးအပြောင်းမှာ ဒီလိုမျိုး အထိအခိုက်မရှိရအောင်၊ အရင်တုန်းက မရှိခဲ့တဲ့အထိ အခိုက်တွေ အခုမှ ဆက်တိုက်ပေါ်လာတာမျိုး မဖြစ်ရအောင် အကူးအပြောင်းကိစ္စမှာ အဓိကတာဝန်ယူ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေက နည်းနည်းတော့ သတိထားပြီး ဆောင်ရွက်ပေးသင့် တယ်။ ကျွန်တော်တို့ စာနယ်ဇင်းသမားတွေကလည်းပဲ ဒီအန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် စုပေါင်းပြီးတော့ ဆောင်ရွက်သင့် တယ်လို့ မြင်ပါတယ်’
ဦးဖေမြင့် (အယ်ဒီတာချုပ်၊ ပြည်သူ့ခေတ်ဂျာနယ်)

‘စာနယ်ဇင်းသမား တစ်ယောက်ကို ပြင်းပြင်းထန်ထန် မလုပ်သင့်ဘူးလို့ ယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ အခုမှစာနယ်ဇင်းသမားတွေ လွတ်လပ်ခွင့် ရလာတာကိုး။ ဥပဒေအရရှိပေမယ့် မူအားဖြင့်တော့ မဖြစ်သင့်ဘူး။ အစိုးရက စာနယ်ဇင်းသမားကို လွယ်လွယ်ကူကူနဲ့ တရားစွဲတာမျိုးက ဒီနိုင်ငံမှာ ဒီမိုကရေစီ လုံးဝမဖြစ်ထွန်းနိုင်ဘူး။ တည်ဆဲဥပဒေအရ ဖြစ်နေလို့သာ ပြောရတာ။ ဒီဥပဒေ ကလည်း ပြင်ဆင်သင့်နေပြီ။ ၁၈၆၁ ခုနှစ် မေလ ၁ ရက်နေ့က ထုတ်ခဲ့တာ။ အခုဆိုရင် နှစ်ပေါင်းကလည်း ၁၅၀ ရှိနေပြီ’
ဦးစိန်လှ(တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း)
‘ပုဒ်မ ၅၀၅ ရဲ့ ကင်းလွတ်ချက်မှာ ဖော်ပြထားတာက တစ်ဦးတစ်ယောက်သော သူသည် ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ထုတ်ပြန်ဖြန့်ချိရာတွင် ထိုသတင်းကို မှန်ကန်သည်ဟု ယုံကြည်ရန် အကြောင်းရှိသည့်အပြင် အစိုးရအပေါ် မလိုမုန်းထားစိတ် ပေါ်ပေါက်အောင် မရိုးမသားဖော်ပြတာ မရှိဘူးဆိုရင် ပြစ်မှုမမြောက်ဘူးလို့ ကင်းလွတ်ချက်မှာ ဖော်ပြထားပါတယ်’
ဦးခင်မောင်ဇော်(စာရေးဆရာဇော်ဝင်းကို) တရားလွှတ်တော်ရှေ့နေ

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။