Sunday, June 24, 2012

 Failed State Index 2012 တွင် မြန်မာနိုင်ငံက အဆင့် ၃ ဆင့်ကျသွားပြီး ၂၁ နေရာရောက်လာသော်လည်း အန္တရယ်ဇုံတွင် ပါဝင်နေဆဲဖြစ်



FSI
Failed State Index 2012 စာရင်းတွင် မြန်မာနိုင်ငံ၏ အဆင့်
၂၀၁၂ ခုနှစ်အတွက် နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများအပေါ် လေ့လာထုတ် ပြန်သော Fund for Peace အဖွဲ့ ၏ ကျရှုံးနိုင်ငံများညွှန်းကိန်း (Failed State Index) တွင် မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင်အဆင့် ၁၈ ရှိနေရာမှ ၂၀၁၂ ခုနှစ်တွင် ၂၁ အထိ ကျဆင်းလာသော်လည်း အန္တရာယ်ဇုံစာရင်းတွင် ပါဝင်နေ ဆဲဖြစ်ကြောင်း ၄င်းဝက်ဘ်ဆိုက်မှ ရရှိသော တရားဝင်စာရင်း ဇယားများအရ သိရသည်။
အဆိုပါစာရင်းတွင် ဆိုမာလီနိုင်ငံမှာ ငါးနှစ်ဆက်တိုက် အဆင့်တစ်နေရာဖြင့် အဆိုးဆုံးနေရာကို ယူထားပြီး ဖင်လန်နိုင်ငံက အကောင်းဆုံးနေရာကို ၄င်း၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဆွီဒင်၊ ဒိန်းမတ်နိုင်ငံများနှင့်အတူ ရယူထား နိုင်သည်။
မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံများစာရင်းတွင် ၂၀၀၈ ခုနှစ် မှ စတင်ကာ အဆင့်ကျဆင်းလာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ရမှတ် ၉၆.၂ မှတ်ဖြင့် ထပ်မံအဆင့်ကျ သွားသဖြင့် အခြေအနေတိုးတက်လာသည်ဟု ဆိုနိုင်သည်။
အဆိုပါကျရှုံးနိုင်ငံများ စာရင်းကို အမေရိကန်အခြေစိုက် Fund for Peace အဖွဲ့မှ ထုတ်ပြန်သည်မှာ ရှစ်နှစ်ရှိသွားပြီဖြစ်ပြီး ဆောင်းပါးနှင့် အစီရင်ခံစာ ထောင်ပေါင်းများစွာကို ကြည့်ကာ  နိုင်ငံများ၏ အဆင့်ကို ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာရင်းကို ထုတ်ပြန်ခြင်းမှာ ကမ္ဘာ အနှံ့တည်ငြိမ်မှု တိုးတက်လာစေရေးအတွက် အားပေးရန်ရည်ရွယ်သည်ဟု ၄င်းတို့ကဖော်ပြထားသည်။
Fund for Peace အဖွဲ့သည် ၀ါရှင်တန်တွင် အခြေစိုက်ပြီး လွတ်လပ်သည့် သုတေသနနှင့် ပညာပေးအဖွဲ့အစည်းဖြစ်သည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ ပဋိပက္ခများကို ရှောင်ရှားရန်နှင့် ရေရှည်တည်တံ့သော လုံခြုံရေးကိုဖြစ်ပေါ် စေရန်ဖြစ်သည်ဟု ဆိုထားသည်။
Failed State Index စာရင်းတွင် မြန်မာနိုင်ငံ၏ ခုနှစ်အလိုက် အဆင့်ဖော်ပြချက်
ခုနှစ် အဆင့်
၂၀၀၈ ၁၂
၂၀၀၉ ၁၃
၂၀၁၀ ၁၆
၂၀၁၁ ၁၈
၂၀၁၂ ၂၁

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။