Tuesday, June 12, 2012

ငမိုးရိပ်တံတား(ပါရမီ)တံတားအသစ် ဇူလိုင်လဆန်းပိုင်းတွင် ပြီးစီးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းက တောင်ဥက္ကလာပမြို့နယ်နှင့်ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့ကို ဆက်သွယ် ထားသော ငမိုးရိပ်တံတား(ပါရမီ)တံတားအသစ်မှာ ၆၀% ပြီးစီးသွားပြီဖြစ်၍ ၂၀၁၂ ခုနှစ် ဇူလှိုင်လဆန်းပိုင်းတွင် လုပ်ငန်းအပြီး သတ်တော့ မည်ဖြစ်ကြောင်းသိရသည်။
 

ငမိုးရိပ်တံတား(ပါရမီ)တံတားအသစ်မှာ လက်ရှိအချိန်တွင် ၆၀% ပြီးစီးနေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ များတွင်   ဖော်ပြချက်အရ သိရှိရသည်။
 
“တံတားကတော့ ၆၀% လောက်ပြီးနေပါပြီဆိုတာကတော့ ဟုတ်ပါတယ်။ ကျန်တဲ့အပိုင်းတွေကတော သေချာ မသိသေးပါဘူး” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှဝန်ထမ်းတစ်ဦးကပြောသည်။
 
တံတားအသစ်၏ အရှည်မှာ ပေ၆၀၀ ရှိပြီး မူလတံတားအဟောင်းနှင့် ပေး၃၀ အကွာတွင်တည်ဆောက် ထားခြင်း ဖြစ်သည်။
 
ယခင်ငမိုးရိပ်တံတား(ပါရမီ) တံတားဟောင်းမှာ နှစ်လမ်းသွားစနစ်ဖြစ်ပြီး မော်တော်ယာဉ်အသွားအလာများ ပြား၍ ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိသောကြောင့် ထိုအခက်အခဲများကို ဖြေရှင်းပေးသည့် အနေဖြင့် ၎င်းစီမံကိန်းအား   နိုင်ငံတော် မှရန်ပုံငွေချထားပေးပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတားအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်။
 
“ဒီဘေလီတံတားက ကားအသွားအလာများတယ်။ အရင်ကတည်းက ချဲ့ထားသင့်တာ။ အခု ရုံးတက်၊ ရုံးဆင်း ချိန်ဆိုရင် ကားပိတ်တာ နာရီဝက်လောက်ကြာတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းတွင်နေထိုင်သူ ဦးဝင်းက ပြောသည်။
 
အဆိုပါ ငမိုးရိပ်(ပါရမီ)တံတားအဟောင်းမှာ နေ့စဉ် မော်တော်ယာဉ်အစီးရေ နှစ်သောင်းကျော် ဖြတ်သန်းသွား လာလျက်ရှိပြီး ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေသော်လည်း တံတားအသစ် ဆောက်လုပ်ပြီးစီးပါက ယာဉ် ကြောပိတ်ဆို့မှုမှ ကင်းဝေးသွား မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။