Tuesday, June 12, 2012

မြန်မာတိုင်းရင်းသားများအရေး ဂျပန် ချစ်ကြည်ရေးသံတမန်ခန့်

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံရှိ လူနည်းစု တိုင်းရင်းသားများအရေး ကူညီဆောင်ရွက်ပေးရန်အတွက် ဂျပန်အစိုးရ၏ ချစ်ကြည်ရေး သံတမန်အဖြစ် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa အား ခန့်အပ် တာဝန်ပေး လိုက်ကြောင်း ဖောင်ဒေးရှင်းက ထုတ်ပြန်ကြေညာသည်။

အဆိုပါ ခန့်အပ်လွှာကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က ဇွန်လ ၁၁ ရက်နေ့တွင် အခမ်းအနားဖြင့်
ပေးအပ်လိုက်ခြင်း ဖြစ်သည်။

“တိုင်းရင်းသား လူနည်းစုတွေရဲ့ဘဝ တိုးတက်မြင့်မားလာအောင်နဲ့ အစိုးရနဲ့သူတို့အကြား အမှန်တကယ် အမျိုးသား
ပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်လာစေဖို့အတွက် ၈ျပန်အစိုးရနဲ့ လက်တွဲပြီး ကျနော့်အနေနဲ့ ပုဂ္ဂလိကကဏ္ဍ အဆင့် ကနေ လုပ်ကိုင် ဆောင်ရွက်သွားလိုပါတယ်” ဟု နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Sasakawa က အခမ်းအနားတွင်
ပြောကြားသွားသည်။

niponfoundation၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာလအတွင်း မြန်မာနိုင်ငံသို့ ဖောင်ဒေးရှင်း
ဥက္ကဋ္ဌ လာရောက်စဉ် သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့က လူနည်းစု တိုင်းရင်းသားများကို ကူညီရန် တိုက်တွန်းခဲ့ဖူးသည်။

ဖောင်ဒေးရှင်းဥက္ကဋ္ဌ Sasakawa ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှလည်း မြန်မာနိုင်ငံ ကိုယ်ရေပြားရောဂါ တိုက်ဖျက်ရေး အတွက် ချစ်ကြည်ရေး သံတမန်အဖြစ် ၂ဝဝ၁ ခုနှစ်က ခန့်အပ်တာဝန်ပေးခဲ့ဖူးပြီး ၂ဝဝ၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း ကိုယ်ရေပြားရောဂါသည်များ၏ လူအခွင့်အရေးနှင့် ပတ်သက်၍ ဂျပန်အစိုးရ၏ ချစ်ကြည်ရေး သံတမန်အဖြစ် ခန့်အပ်ခံ ခဲ့ရဖူးသည်။

ယခု အစီအစဉ်တွင် တောင်ပေါ်စိုက်ပျိုးရေးတန်ဖိုး တိုးမြှင့်ရန် အတွက် ဆေးဖက်ဝင်အပင်များ၊ ကျောင်းဆောက်လုပ်ရေးများ၊ ဆေးသေတ္တာများ၊ စစ်ပွဲများကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သွားရသူများအတွက် ခြေတု လက်တုများ အပါအဝင် လူနည်းစုတိုင်းရင်းသားများဘဝ တိုးတက်ရေးအတွက် အစီအစဉ်များ ပါဝင်သည်ဟု ဆိုသည်။

“ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ရေးဆိုတာဟာ ဒေသခံပြည်သူတွေရဲ့ သဲညှာကို အထိရောက်စေဆုံး
ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂမ်းဘား က ပြောသည်။

“မြန်မာပြည် ဒီမိုကရေစီ တည်ဆောက်ရေး အောင်မြင်မှုမှာ တိုင်းရင်းသား လူနည်းစုတွေရဲ့ပြဿနာကို ဖြေရှင်းဖို့ဟာ မဖြစ်မနေ လိုအပ်ပါတယ်။ ကျနော့်အနေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးတွေမှာ အသားပေး ကူညီသွားမှာပါ” ဟု နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Sasakawa က ခန့်အပ်လွှာ လက်ခံပွဲ အခမ်းအနားတွင် ပြောကြားသွားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။