စံခလပူရီ (မဇ္ဈိမ) ။ ။ မိုးသည်းထန်စွာ ရွာသွန်းပြီး ၃ ရက်ဆက်တိုက် ရေလွှမ်းမိုးခြင်းခံရသည့် တနင်္သာရီတိုင်း၊
ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ရှိ ရွာ ၅ ရွာတွင် ကလေးများ၏ ပညာသင်ကြားရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် ကူညီရေး အဖွဲ့များက ပြောသည်။
တနင်္လာနေ့တွင် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ပြီ ဖြစ်သော်လည်း စာသင်ခုံများ ရေထဲ မျောပါသွားခြင်း၊ ကျောင်းသုံး စာအုပ်များ ရေထဲမျောပါသွားခြင်းနှင့် ရေစိုသွားခြင်းကြောင့် စာသင်ရာတွင် အခက်အခဲများစွာ ရှိကြောင်း ဖော့ဆို့ရွာမှ မူလတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်နီအေးက ပြောသည်။
“ကလေးတွေ တဝက်လောက် ကျောင်းပြန်တက်နေကြပြီ။ တဝက်လောက်က မတက်နိုင်သေးဘူး။ စာအုပ်မစုံတော့ စာသင်ရတာ အခက်အခဲ အများကြီး ရှိတယ်” ဟု မဇ္ဈိမကို ပြောသည်။
ကျောင်းသား ၅၀ ကျော်ရှိ ဖော့ဆို့ရွာ အမက တွင် အယောက် ၃၀ ခန့်သာ ကျောင်းတက်နိုင်ကြောင်း ဆရာမကြီးက
ပြောသည်။ အခြားကျေးရွာများတွင်လည်း အလားတူ အခက်အခဲများစွာ ရှိကြောင်း သိရသည်။
၁၀ ရက်ခန့် မိုးဆက်တိုက် ရွာသွန်းပြီး ဇွန်လ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ ရေကြီးခြင်းကြောင့် စုစုပေါင်း အိမ်ခြေ ၉၀၀ ကျော်ရှိသည့် လုံးဖော၊ အေးချမ်းသာ၊ ဆိတ်ဖူး၊ ဖော့ဆို့၊ မာဒမ်းကျေးရွာ ၅ ရွာတွင် အိမ်ခြေ ၃၅၀ ကျော်
ရေမြုပ်ခံရပြီး အိမ် ၁၃ လုံးမှာ ရေထဲ မျောပါသွားခဲ့ကာ ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ သိန်း ၄,၀၀၀ ခန့် ရှိသည်ဟု ရွာခံများက ခန့်မှန်းထားသည်။
ထိုကဲ့သို့ ရေကြီးခြင်းမျိုး ငါးနှစ်အတွင်း မဖြစ်ခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။
ရေဘေးသင့် ဒုက္ခသည်များကို ကော့သောင်းရှိ စစ်ဗျူဟာ၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ World Vision အဖွဲ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့က အကူအညီများ ပေးလျက် ရှိသည်။
ရေပြန်ကျသွားပြီး တင်ကျန်နေသည့် နုန်းများကို ပြန်လည် ရှင်းထုတ်ရဦးမည် ဖြစ်သည့်အတွက် ပကတိ အခြေအနေ ကို ပြန်ရောက်ရန် များစွာ အချိန်ယူရဦးမည် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။