Tuesday, June 12, 2012

နေရာတည်မြဲရေးအတွက် ပြည်သူ့လိုအပ်ချက်အား ကွင်းဆင်းလေ့လာရန် ဦးစိုးသာမှာကြား

အခြားအဖွဲ့အစည်းများ နေရာဝင်မယူနိုင်ရန် ပြည်သူများ၏ လိုအပ်ချက်အား ကွင်းဆင်းလေ့လာရန် လိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ပဲခူးတိုင်းတာဝန်ခံနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသာက ဖြူးမြို့နယ်အလုပ်အမှုဆောင်ရွေးချယ် တင်မြောက် ပွဲတွင်   ပြောကြားခဲ့သည်။
 
 

အဆိုပါ အလုပ်အမှုဆောင်ရွေးချက်ပွဲသို့ ပြည်သူလွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းလာရောက်မည် ဟု သတင်းများထွက်ပေါ် ခဲ့သော်လည်း  ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ရ၍ မလာဖြစ်သည့်အပေါ်တွင် ပြည်သူများအား တောင်းပန်ခဲ့ကြောင်းကိုလည်း ဦးစိုးသာက ဆိုသည်။
 
 
“ကျွန်တော်ပြောချင်တာကတော့ ပြည်သူတွေထဲကို ဆင်းပြီး ပြည်သူတွေလိုအပ်ချက် လေ့လာပြီး ပြည်သူတွေ လိုအပ်ချက် လုပ်ပေးရမယ်၊ ကိုယ်ကမလုပ်နိုင်ဘူးဆိုရင် တခြားအဖွဲ့စည်းက ၀င်ပြီး လုပ်သွားလိမ့်မယ်”ဟု ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသာကပြောသည်။
 
 
ပြည်သူတွေများ၏ လိုအပ်ချက်အား ပြည်သူများကဖွင့်ဟမပြောလည်း  လုပ်ပေးနိုင်ရန် ကြိုးစားရမည် ဖြစ်ကြောင်းကိုလည်း   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဦးစိုးသာက မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်များသို့ပြောကြားခဲ့သည်။
 
“ပြည်သူတွေလိုအပ်ချက်ကို လုပ်တဲ့နေရာမှာ ချက်ချင်းတော့မဖြစ်နိုင်ဘူးပေါ့၊ နောက်နှစ်မှ ပြီးရင် ပြီးမယ် သုံးနှစ်ကြာရင်လဲကြာမယ် ဒါပေမယ့် ကြိုးစားရမှာပေါ့”ဟု ဦးစိုးသာက ဆက်ပြောသည်။
 
အဆိုပါ လိုအပ်ချက်များအား တိုင်းမှဆောင်ရွက်ပေးနိုင်သည့် ကိစ္စများအား ဗဟိုသို့တင်ပြရန် လိုအပ် ကြောင်း၊  ဗဟိုက လုပ်ဆောင်နိုင်ခြင်း   မရှိပါက အစိုးရအဆင့်ထိတင်ပြရမည်ဖြစ်ကြောင်း ပြည်သူ့ အကျိုးကို ဦးထိပ်ပန်ဆင်၍ တိုင်းပြည်ကို တည်ထောင်ရမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
နော်ဝေးနိုင်ငံနှင့် ဂျာမနီနိုင်ငံများတွင် လွှတ်တော်ကိုယ်စားလှယ်များသည် မိမိမဲဆန္ဒနယ်မှ ပြည်သူများ နှင့်ထိတွေ့၍   ပြည်သူ့လိုအပ် ချက်များအား အမြဲလေ့လာနေကြောင်း၊ မိမိတို့အနေနဲ့ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ထို့ကြောင့် အဆင့်ဆင့်ပြည်သူတွေများ၏ လိုအပ်ချက်ကို လုပ်ဆောင်ပေးမှ ပြည်သူ က မိမိတို့ပါတီကို ယုံကြည်ကိုအားကိုးမည်ဖြစ်ကြောင်း အလုပ်မှုဆောင်များသို့    ပြောကြားခဲ့သည်။
 
အဆိုပါ ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်အလုပ်မှုဆောင်ရွေးချယ်ပွဲအား ဇွန်လ(၉) ရက်နေ့က ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့တွင် ကျင်းပခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။