Tuesday, June 12, 2012

ပတ္တမြားမြို့သစ်နှင့် ရဲတပ်ရင်းကိစ္စအား ပြည်ထဲရေးမှ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ထပ်မံစစ်ဆေး

ဇွန် ၁၁ ၊ ၂၀၁၂၊ YPI

မေလလယ်က ဖြစ်ပွားခဲ့သည့် မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်အတွင်းသို့ အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲများ ၀င်ရောက်ရိုက်နှက်သည့်ကိစ္စအား ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ပေးအပ်ထားသည့် အထူးစုံစမ်းရေးအဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့က  ထပ်မံစစ်ဆေးလျက်ရှိကြောင်း အစစ်ဆေးခံရ သူများကပြောသည်။

အစစ်ဆေးခံခဲ့ရသူတစ်ဦးဖြစ်သည့် ပတ္တမြားမြို့သစ်နေ ဦးနွေဦးက " ကျွန်တော့်နာမည်နဲ့တိုင်တာဆိုတော့ ကျွန်တော့်ကို တိုင်စာမှာ ဘာထပ်ဖြည့်ချင်သေးလည်းမေးတာပါ။ အခုသူတို့အဖွဲ့က ပြည်သူတွေဘက်က တကယ်လုပ်ပေးမယ်လို့ခံစားမိတယ်။ အရင်စစ်ခဲ့တဲ့သူတွေနဲ့ မေးခွန်းမေးတာကိုက ကွာတယ် " ဟုပြောသည်။

ယခင်က ရဲမှူးများပါသည့် ခုံအဖွဲ့သည် ရပ်ကွက်နေပြည်သူများနှင့် လုံခြုံရေးရဲများ၏ အရိုက်နှက်ခံရသည့် လူငယ်များကို ခေါ်ယူစစ်ဆေးခဲ့သော်လည်း မေးခွန်းများမေးမြန်းရာတွင် မသမာမှုရှိသည်ဟု ခံစားခဲ့ရကြောင်း ၎င်းကပြောသည်။

ယခုအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို တိုက်ကြီးမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့်ဖွဲ့စည်းထားသည်ဟုသိရကြောင်း၊ လာရောက်မေးမြန်းခဲ့သူများတွင် မြို့နယ်မှူး ( သုံးပွင့်) အဆင့်ရှိသည့် တစ်ဦးသာ ရဲဝတ်စုံ ၀တ်ဆင်ထားပြီး ကျန်သူများမှာ အရပ်ဝတ်ဖြင့်ပင် စစ်ဆေးခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ အမည်ကိုမူ မသိရကြောင်း ဦးနွေဦးကဆက်ပြောသည်။

အစစ်ဆေးခံခဲ့ရသူနောက်တစ်ဦးဖြစ်သည့် ဗျိုက်ကလည်း " ကျွန်တော့်ကိုမေးတာတော့ ဖြစ်စဉ်မှန်ကန်မှု ရှိမရှိ အတည်ပြုတာပါ။ ကျန်တာတော့ ဘာမှ မမေးပါဘူး " ဟုပြောသည်။

အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲ အယောက် ၇၀ ခန့်သည် မေလ ၁၆ ရက်နေ့က ပတ္တမြားမြို့သစ်အတွင်း ၀င်ရောက်ရိုက်နှက်ခဲ့ပြီး ထိုသို့ ရိုက်နှက်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးအပါအ၀င် လူငယ် ဆယ်ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်ရပ်တွင် ပါဝင်ခဲ့သော ရဲဝန်ထမ်း ၈ ဦးအား စစ်ခုံရုံးတွင် စစ်ဆေးလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အမှတ် (၈) ရဲတပ်ရင်းသည် ပတ္တမြားမြို့သစ်အနီးတွင်တည်ရှိပြီး ယခင်ကလည်း  အလားတူပြဿနာမျိုး  နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံများကပြောသည်။
by Yangon Press International

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။