Tuesday, June 12, 2012

မိုးကုတ်ကျောက်မျက်တူးဖော်ရေးလုပ်ငန်းငယ်များအတွက် ကန့်သတ်မှုများအား အနည်းငယ်လျော့ချပေးစေလို

မိုးကုတ်မြို့ရှိ တစ်နိုင်တစ်ပိုင်ကျောက်မျက်ရတနာတူးဖော်ခြင်းလုပ်ငန်းများတွင် ကန့်သတ်မှုများရှိနေခြင်းကြောင့်    ဒေသခံပြည်သူ များအနေဖြင့် ကျောက်မျက်တူးရေးလုပ်ငန်းများတွင် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
 
 
“ကျွန်တော်တို့ မိသားစုလေးအတွက်ကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်တူးဖော်စားသောက်ဖို့ကို တားမြစ်တာတွေ အများကြီးပဲ။ တစ်နိုင် တစ်ပိုင်  လုပ်တာတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်တယ်ဆိုရင် ကုမ္ပဏီကြီးတွေက စက်ယန္တာယားကြီးတွေနဲ့ တူးဖော်တာကြတော့ ဘာတားမြစ်မှုမျိုးမှ မရှိဘူး” ဟု မိုးကုတ်ဒေသခံ ကိုလှဖေက ပြောသည်။
 
မိုးကုတ်မြို့သဖန်းပင်၊ ကျောက်ဆောင်၊ ဂေါ်ပရမ်း၊ ကတွတ်လျှိုနှင့် အခြားရပ်ကွက်ကျေးရွာများတွင် ပတ္တမြား ထွက်ရှိသောတောင်များ တည်ရှိပြီး၊ မိုးကုတ်အနောက်ပိုင်း၊ ဘောလုံးကြီး၊ ဘောလုံးလေးနှင့် အခြားရပ်ကွက် ကျေးရွာများတွင် မြေကြီးတွင်း (တွင်းတူးဖော်ခြင်း လုပ်ငန်း)များရှိသည်။
 
အဆိုပါဒေသတွင် တစ်နိုင်တစ်ပိုင်ရွှေတူးဖော်ခြင်းများခွင့်ပြုမှုများအား ၂၀၁၂ခုနှစ်တွင်စတင်ခဲ့ပြီး လက်ရှိ တစ်နိုင်တစ်ပိုင်ချပေးပြီးကာ လုပ်ငန်းများတွင် မျှောတိုက်ခွင့်မပြုကြောင်း၊  အတန်အသင့် သုံးသင့် သုံးထိုက် သော စက်ယန္တယားများသုံးခွင့်မပြုကြောင်းကိုလည်း သိရသည်။
 
“လုပ်ခွင့်လျှောက်လို့ရတာတော့ ပြီးခဲ့တဲ့ သုံးလေးလကပေါ့။ တစ်နိုင်တစ်ပိုင် ကျောက်တွင်းတူးဖော်ဖို့အတွက် ကြမ်းခင်းဈေးက ၅သိန်းပေါ့။ လုပ်ခွင့်ကျလာတဲ့ စာရွက်ထဲမှာ လေးပင် ကိုးပင်ပဲလုပ်ရမယ်။ နောက် ယန္တာယား တွေ မသုံးရဘူး၊ မျှောတိုက်တာတို့ မလုပ်ရဘူးဆိုတာတွေ တားမြစ်ထားတယ်” ဟု ဒေသခံ ကျောက်/မျက် တူး ဖော်ရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုမျိုးက ပြောသည်။
 
မိုးကုတ်ဒေသတွင် ကျောက်မြက်ရတနာတူးဖော်ခြင်းလုပ်ငန်းများသည် နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်းလုပ် ကိုင် ဆောင်ရွက်လျက် ရှိရာ   ၄င်းဒေသတွင် တစ်နိုင်တစ်ပိုင်တူးဖော်လုပ်ကိုင်သူများနှင့် ကုမ္ပဏီကြီး (၅)ခုကျော် က လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်သည်။
 
“ကျွန်တော်တို့မိုးကုတ်မှာ ကုမ္ပဏီကြီးတွေ၊ အခြားပိုက်ဆံရှိအသိုင်းအ၀ိုင်းက ကျောက်ကွက်တွေမှာ လာလုပ် စားနေကြတယ်။   ဒေသခံတွေ မှာတော့ ဘာမလုပ်ရဘူး။ ဘယ်လိုဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်တယ်ဆိုပြီး ကန့်သတ်တာတွေကို ကြုံတွေ့နေ ရတယ်။   ကျောက်ကွက်တွေဆိုရင်လည်း ကုမ္ပဏီကြီးတွေက စက်ယန္တယား ကြီးတွေနဲ့ လုပ်ကိုင်နေကြတာကို တွေ့ရတယ်။   ဒေသ ခံတွေ အတွက်လည်း တစ်နိုင်တစ်ပိုင် လုပ်စားခွင့်ပြုထား တဲ့အထဲမှာတော့ စက်ယန္တယားမပြောနဲ့ မျှောတိုက်တဲ့ နည်းစနစ်တွေကိုလဲ ခွင့်တောင်မပြုဘူးဆို တာမျိုးကို လည်း တွေ့ရတယ်”ဟု နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွတ်တော်အမတ် ဦးမင်းသူက   ပြောသည်။
 
ကုမ္ပဏီများအနေဖြင့် ကျောက်ဆောင်ကျောက်တောင်များအား စက်ယန္တယားကြီးများဖြင့်တူးဖော်လုပ်ကိုင်   နေပြီး   ဒေသခံပြည်သူ များအား စက်ယန္တယားတူးဖော်ခွင့်မပြုခြင်းမှာ မဖြစ် သင့်ကြောင်း၊ ဒေသမှထွက်ရှိသော သဃဇာတများအား ဒေသခံပြည်သူများအတွက် နည်းစနစ်မှန်မှန်ဖြင့် လုပ်စားပိုင်ခွင့်ပေးသင့်ကြောင်းကိုလည်း ဦးမင်းသူက သုံးသပ်ပြောကြား ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။