Sunday, May 6, 2012

 မြစ်ကြီးနား-ကန်ပိုင်တည် လမ်းမကြီးပေါ်ရှိ တံတားအမှတ်(၄/၃၂)ပျက်စီးမှုကြောင့် လမ်းပိတ်ထားခဲ့ရပြီး ကုန်သွယ်ရေးနှင့် ပို့ဆောင်ရေးလုပ်ငန်းရှင်များ အခက်တွေ့



မြစ်ကြီးနား-ကန်ပိုင်တည် လမ်းပေါ်ရှိ မီတာ ၄၀ ခန့်ရှည်သော တံတားအမှတ် (၄/၃၂)သည် ဧပြီလ ၂၆ ရက် နံနက် ၄ နာရီခန့်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တံတားမျက်နှာပြင် ၃ ဒသမ ၅ မီ တာကျော်နှင့် တံတားလက်တန်း ရှစ်မီတာခန့်၊ ချောင်းအောက်ပိုင်း တံတား လက်တန်း ကိုးမီတာခန့် ပျက်စီးခဲ့ပြီး အက်ကြောင်းများဖြစ်ပေါ်ကာ ယာဉ်များအန္တရာယ်ရှိနိုင်သဖြင့် လမ်းပိတ်ထားခဲ့ကြောင်း သိရသည်။

ယခင်က မြစ်ကြီးနား-လိုင်ဇာလမ်းကို အသုံးများခဲ့သော်လည်း နယ်မြေမငြိမ်သက်မှုများကြောင့် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ ပိတ်ထားခဲ့ရကြောင်း ယခုကဲ့သို့ လမ်းများပိတ်လိုက်ခြင်းကြောင့် မြစ်ကြီးနားမြို့နှင့် ကချင်ပြည်နယ်အထက်ပိုင်းရှိ မြို့ကြီးများပါ တရုတ်ကုန်စည်များ ပြတ် လပ်လျက်ရှိပြီး ကုန်သည်များနှင့် ပို့ဆောင်ရေး ယာဉ်ပိုင်ရှင်များ အခက်အခဲဖြစ်လျက်ရှိကြောင်း သိရသည်။

''ပြီးခဲ့တဲ့ မိုးတွင်းကလည်း ဒေသမအေးချမ်းမှုကြောင့် အခက်အခဲ ဖြစ်ခဲ့ရတယ်။ ဒီနှစ်မှာ ဒီအတိုင်းဆက်သွားရင် ကျွန်တော်တို့ ကားဆရာတွေ၊ ကုန်သည်တွေ၊ ကားပိုင်ရှင်တွေ၊ ဂိတ်မှူးတွေ အခက်အခဲ ဖြစ်တော့မှာပါ။ မန္တလေးက ကားဆရာတွေလည်း ဆင်းသွားတာ ပြန်တက် မလာတော့ဘူး။ မြစ်ကြီးနားကနေ တနိုင်း၊ ဖားကန့်၊ ချီဗွေ၊ မိုးညှင်း တစ်လိုင်းမှ အဆင်မပြေဘူး။ ငြိမ်းချမ်းရေး မြန်မြန် အကောင်အထည်ဖော်နိုင်ရင် အကောင်းဆုံးပါပဲ''ဟု မြစ်ကြီးနားကားကြီးကွင်းမှ ကားဆရာတစ်ဦးက ပြောကြားသည်။

အဆိုပါ ကန်ပိုင်တီလမ်း ပိတ်ဆို့မှုကြောင့် ကုန်သည်များ၊ ကားပိုင်ရှင်များ၊ ဂိတ်မှူးများ၊ အလုပ်သမားများ ၀င်ငွေလျော့ကျလျက်ရှိကြောင်း သိရသည်။ လမ်းကောင်းတုန်းက သုံးရက်ကို စားပြီးသောက်ပြီး တစ်သောင်းလောက် ကျန်တယ်။ တစ်ရက်ကို တစ်စီးနှုန်း ထွက်နိုင်တယ်။ အခု သုံးရက်ကို တစ်စီးနှုန်းတောင် မထွက်နိုင်တော့ဘူး''ဟု မြစ်ကြီးနား ကားကြီးကွင်းမှ အလုပ်သမားတစ်ဦးက ပြောကြားသည်။

ထွန်းလင်းအောင်(မြစ်ကြီးနား)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။