Sunday, May 6, 2012

RNDP နှင့် PDP သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတိပေးညွှန်ကြားစာပေးပို့

၂၀၁၂ခုနှစ် ဧပြီလ ၂၆ ရက် နေ့စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကောင်မရှင်မှ `ပါတီစာစောင်များရေးသားထုတ်ဝေရာတွင် တည်ဆဲဥပဒေချိုးဖောက်ရာရောက်သော ရေးသားမှုများမပြုရေး သတိပေးညွန်ကြားခြင်း´ ဟု ခေါင်းစဉ်တပ်၍ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ (RNDP) နှင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ( PDP) သို့ ရှေ့ဆင့်နောက်ဆင့် ပေးပို့ ညွန်ကြား လာကြောင်း သိရသည်။ 

အဆိုပါအကြောင်းကြားချက်မှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ၉.၉.၂၀၁၁ ရက်နေ့တွင် ထုတ်ဝေခဲ့သော ဆရာတော် ဦးဥတ္တမနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်နှင့် တိုးတက်ရေးသတင်းလွှာ အတွဲ(၂) ၊အမှတ်(၄) သတင်းလွှာ နှစ်ခုမှာ ပြန်ကြား ရေးဝန်ကြီးဌာနက ထုတ်ဝေထားသည့် ညွှန်ကြားချက် (၄၂) ပါစည်းကမ်းချက်များနှင့် ငြိစွန်းသဖြင့် တာဝန်ရှိသူများကို ညွှန်ကြားချက် (၄၂)နှင့်အညီ လိုက်နာဆောင်ရွက်ရေး ၀န်ခံကတိလက်မှတ် ရေးထိုးခဲ့ရကြောင်း၊ အလားတူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ၃၀.၆.၂၀၁၁ ရက်နေ့တွင် ထုတ်ဝေသော `ဇေကမ္ဘာနှင့်ရွှေနံ့သာလယ်သမားများ ပြဿနာ´နှင့် ၂၇.၃.၂၀၁၂ ထုတ် `ထားဝယ်ရေနက်ဆိပ်ကမ်းအရှုပ်တော်ပုံ´ စာစောင်များအတွက် ပါတီတစ်ခုခုသည် တည်ဆဲဥပဒေပါ ပြဌာန်းချက်တစ်ရပ် ရပ်ကို လိုက်နာရမည်ဖြစ်ပြီး၊ နည်းဥပဒေ ၁၅(ဂ)အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာမှုမရှိလျှင် ယင်းပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်နိုင်ကြောင်း ပြဌာန်းထားသည်ဖြစ် ၍ နောင်အလားတူ ဥပဒေချိုးဖောက်မှုမျိုး မဖြစ်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အလေးထားကြပ်မက်ဆောင်ရွက်ကြရန် သတိပေး ညွှန်ကြားလာခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက်နှင့် ပတ်သက်၍ RNDP မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်မှ မှ ` နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ပါတီမူဝါဒ၊ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုတာတွေက ရွေးကောက်ပွဲကာလ စည်းရုံးရေး ကာလမျိုးတွေလောက်ပဲ သင့်တော်တယ်။ အဲဒီအတိုင်းဆိုရင်တော့ မူဘောင်အရမ်းကျဉ်းလွန်းတယ်။ အဲဒီအတွက် ဦးနေမျိုးဝေတို့ ကလည်း သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုပြီး ဖိတ်ထားတယ်။ သွားတက်မှာပါ´ လို့ပြောပါတယ်။ PDP ပါတီက တော့ `ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကျွန်တော်ပါတီမူဝါဒတွေ တင်ပြစဉ်ကတည်းက အရှည်သဖြင့် ကျွန်တော်တို့ လုပ်ဆောင်ကြမည်မှာ ကျွန်ုပ်တို့၏ ပါတီဝင်များသည် တရားဝင်ရွေးကောက်တင်မြှောက်ခံရသော ပြည်သူ့ကိုယ်စားလှယ်များ မဟုတ်ကြစေကာမူ ပြည်သူတို့၏ အခက်အခဲအခြေအနေများကို ရှာဖွေခြင်း၊ ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေခြင်းနှင့် မိမိတို့စုဆောင်းရရှိသော အချက်အလက်များကို လက်ရှိမူဝါဒရေးဆွဲသူများ၊ အကောင်အထည်ဖော်သည့် ယန္တရား အဖွဲ့အစည်းများသို့ ပေးပို့ကူညီခြင်း လုပ်ငန်းသည် အဓိကလုပ်ဆောင်မည့် အရှည်သဖြင့် လုပ်ငန်းစဉ်ကြီး ဖြစ်ပေသည်။´ ဆိုပြီး တင်ပြထားတာပါ။ စာကိုသေသေချာချာမဖတ်ကြဘူး။ ကျွန်တော်ကလည်း ညွှန်ကြားချက် (၄၂)ကို မဖတ်ပါဘူး။ ကျွန်တော် ပါတီမူဝါဒအတိုင်း သူတို့လက်ခံထားတဲ့အတိုင်း လုပ်ဆောင်နေတာပါ။ ဒါပေမယ့် မှားတယ် မှန်တယ်ဆိုတဲ့အပေါ်မှာ အများဆုံးဖြတ် ချက်ကို ရယူမှာပါ။ အခု ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောထားမှတ်ချက် ပေးနိုင်ကြဖို့ ပါတီအားလုံးကို စာပို့ထားပါ တယ်။ ၁၇.၅.၂၀၁၂ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အဲဒီသဘောထားမှတ်ချက်တွေကို ရယူပါမယ်။ RNDP ကိုလည်း ဖိတ်ကြားထားပါတယ်။´လို့ပြောပါတယ်။

ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ဝေထားသော ညွှန်ကြားချက် (၄၂) သည် ပုံနှိပ်သူများအားလုံး၊ ထုတ်ဝေသူအားလုံး၊ နိုင်ငံရေး ပါတီအဖွဲ့အစည်းအားလုံး အတွက် ထုတ်ဝေထားခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများသည် ထုတ်ဝေလိုသည့် ပါတီ၏မူဝါဒ၊ သဘောထားရပ်တည် ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအချက်အလက်များကိုသာ ထုတ်ဝေရမည်ဖြစ်ပြီး အခြားသော နိုင်ငံရေးပါတီစာစောင်အချို့လည်း ၀န်ခံကတိလက်မှတ် ရေးထိုးထားရကြောင်း သိရသည်။
NWT (Hot News)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။