Sunday, May 6, 2012

ရန်ကုန်-ပြည်လမ်းပေါ်တွင် အဝေးပြေးယာဉ်တစ်စီးနှင့် ဟီးနိုးတီအီးကားတို့ ၀င်တိုက်မိရာမှ ခရီးသည်တစ်ဦး သေဆုံးပြီး ၁၆ ဦးကျော် ဒဏ်ရာအပြင်းအထန်ရရှိ


ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ကြို့ပင်ကောက်မြို့နယ် ရန်ကုန်-ပြည်လမ်းပေါ်တွင် ဧပြီလ ၂၇ ရက်နေ့က ရန်ကုန်-တောင်တွင်းကြီးယာဉ်လိုင်းမှ ကားတစ်စီးနှင့် ဟီးနိုးတီအီးကားတစ်စီးတို့ဝင် တိုက်မိရာမှ ခရီးသည်တစ်ဦး သေဆုံးပြီး ၁၆ ဦးကျော် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်မှ တောင်တွင်းကြီးဘက်သို့ မောင်းနှင်လာသော အဝေးပြေးယာဉ်တစ်စီးသည် မိုင်တိုင်အမှတ် ၁၂၅/၀ နှင့် ၁၂၅/၁ ကြားတွင် ပြည်ဘက်မှ မောင်းနှင်လာသော ဟီးနိုးတီအီး ကားတစ်စီးကို ၀င်တိုက်မိရာမှ အရှိန် မထိန်းနိုင်ဘဲ လမ်းဘေးရှိ အိမ်တစ်လုံးကို ထပ်မံဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် အဝေးပြေးယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အပါအ၀င် ခရီးသည်များ ဒဏ်ရာရရှိခဲ့ပြီး တီအီးကားပေါ်တွင် လိုက်ပါလာသူတစ်ဦးမှာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ အိပ်နေတုန်း ဒုန်းဆိုတဲ့အသံကြီးကို ကြားလိုက်ရပြီး အဝေးပြေးကားက ကျွန်တော့်ခြံ အုတ်တံတိုင်းကိုဝင်တိုက်ပြီး အိမ်ရှေ့ စတိုးဆိုင်ထဲကနေ အိမ်ထဲအထိ ကားတစ်စီးလုံး ၀င်လာတယ်။ ကျွန်တော့်အိမ်လည်း ပြိုကျပျက်စီးသွားတယ်။ အဝေးပြေးကားရဲ့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်အပါအ၀င် ခရီးသည် ၁၆ ဦးကျော်လောက် ဒဏ်ရာ အပြင်းအထန် ရသွားတယ်။ တီအီးကားပေါ်မှာပါလာတဲ့ နှဲဆရာ တစ်ယောက်ကတော့ ဆေးရုံကို ပို့ရင်းနဲ့ ဆုံးသွားတယ်''ဟု ဦးအေးထွန်းက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။