Sunday, May 6, 2012

 မိုးကြိုကာလ မိုးရွာသွန်းမှုကြောင့် မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းသွားလာမှု ခက်ခဲလာ


မိုးကြိုကာလ မိုးရွာသွန်းမှုကြောင့် မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းသည် သွားလာမှု ခက်ခဲလာခဲ့သည်ဟု သိရှိရသည်။
''သင်္ကြန်ကာလတုန်းကလည်း မိုးရွာခဲ့လို့ ယာကြီးလမ်းမှာ ခက်ခက်ခဲခဲ သွားခဲ့ရတယ်။ သင်္ကြန်တွင်း ဘုရားဖူးထွက်တဲ့ကားတွေ တော်တော် ဒုက္ခရောက်ကြတယ်။ ယာကြီးလမ်းက မိုးလေးနည်းနည်းကျခဲ့ရင် မိုင် ၆၀ နဲ့ ၈၀ မိုင်တိုင်တွေကြားက သွားလာရေး တော်တော်ခက်ခဲတယ်။ လမ်းမြေကလည်း ရွှံ့စီးတွေဆိုတော့ သွားဖို့မလွယ်ဘူး''ဟု အဆိုပါလမ်းမှ သွားခဲ့သူတစ်ဦးက ပြောကြားသည်။

မုံရွာ-ယာကြီး-ကလေးဝလမ်းသည် ပွင့်လင်းရာသီအတွင်းသာ သွားလာနိုင်ပြီး မိုးကျလျင်သွားလာမှု မရှိတော့ကြောင်း၊ ချင်းတောင်၊ ကလေးလွင်ပြင်နှင့် ကဘော်ချိုင့်ဝှမ်းဒေသများနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့ ဆက်သွယ်ရာတွင် ခရီးအတို ဆုံး လမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။ မိုးရာသီကာလအတွင်းတွင် ကလေး-ဂန့်ဂေါ-ပုလဲ-မုံရွာ လမ်းမှတစ်ဆင့် သွားလာကြသည်ဟု သိရသည်။

''မေလဆန်းက မန္တလေးကို ကားနဲ့ယာကြီးလမ်းက သွားခဲ့တာ မိုးရွာတာနဲ့တွေ့လို့ ကျော်ရွာမှာ အိပ်လိုက်ရတယ်။ လမ်းက တော်တော်ဆိုးတယ်။  ဗွက်တွေ၊ ရွှံ့တွေထဲမှာ ကားက အတော်ရုန်းပြီး သွားရတယ်။ ချောက်ထဲ ကျမလားလို့ ရင်တထိတ် ထိတ်နဲ့ စီးခဲ့ရတယ်''ဟု ကိုအောင်ဆန်းလင်းက ပြောကြားသည်။ အဆိုပါလမ်းကို ပြည်သူ့ဆောက်လုပ်ရေးမှ လမ်းပြင်ဆင်မှုများ ပြန်လည်ဆောင်ရွက်နေပြီး ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ တာဝန်ယူဆောင်ရွက်ရန် စီစဉ်နေသည်ဟု သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။