Sunday, May 6, 2012

 မြောက်ဥက္ကလာပမြို့နယ် ရတနာသိင်္ဂီဈေး တောင်ဘက်ရှိ ပျံကျဈေးဆိုင်ခန်းများအား ဖျက်သိမ်းပြောင်းရွှေ့ရန် မြို့တော်စည်ပင်နှင့် ဈေးကော်မတီတို့မှ ညွှန်ကြားဟု သိရ

မြောက်ဥက္ကလာပမြို့နယ်၊ ရတနာသိင်္ဂီဈေး တောင်ဘက်ခြမ်းရှိ  ပျံကျဈေးဆိုင်ခန်းများအား ဈေးသူ ဈေးသားများ၏ သဘောတူညီမူ မရှိဘဲ ဖျက်သိမ်းရန်  မြို့တော်စည်ပင်နှင့် ဈေးကော်မတီတို့မှ ညွှန်ကြားထားကြောင်း သိရသည်။

အရှေ့ပိုင်းခရိုင်ဌာနခွဲမှူး ဦးတင်ထွန်း၊ ရတနာသိင်္ဂီဈေး တာဝန်ခံ ဦးသန်းဦးတို့မှဦးဆောင်၍ ၂၀၁၂ ခု နှစ် ဧပြီလ ၃ ရက်နေ့တွင် ရတနာသိင်္ဂီ ဈေးတောင်ဘက်ရှိ ဈေးစည်ပင်ရုံးခန်း၌ ပျံကျဈေးဆိုင်ခန်းပိုင်ရှင်များအား အစည်းအဝေး ခေါ်ယူခဲ့ပြီး ဌာနခွဲမှူး ဦးတင်ထွန်းက ၀န်ကြီးဌာနညွှန်ကြားချက်နှင့်အညီ လက်ရှိရောင်းချနေသော ဆိုင်ခန်းများအနက် မေဓါဝီလမ်းမျက်နှာစာရှိ စင်္ကြန်လမ်းတစ်ဖက်တစ်ချက်မှ ဆိုင်ခန်းများအား ဖျက်သိမ်းပြီး အခြားသင့်တော်ရာနေရာသို့ ရွှေ့ပြောင်းရမည်ဖြစ်ကြောင်းနှင့် ဈေးတာဝန်ခံ ဦးသန်း ဦးက စည်ပင်ဥပဒေအရ ဈေးတာဝန်ခံ (သို့မဟုတ်) တာဝန်ရှိသူက ဖယ်ခိုင်းလျှင်၊ ရွှေ့ခိုင်းလျှင် ဖယ်ပေးရွှေ့ပေးရမည်ဟု ပြောကြားခဲ့ကြောင်း ဈေးသည်များက ဆိုပါသည်။

''ဒီနေရာမှာ အဆင့်မြှင့်ဈေး ဆောက်မယ်ဆိုပြီး ကျွန်မတို့ကို အခြားနေရာကို ပြောင်းခိုင်းတယ်။ ဒီနေရာကိုသာ ပြောင်းပေးလိုက်ရင် ဖောက်သည်တွေပျက်ပြီး မိသားစု စားဝတ်နေရေး အခက်တွေ့မှာ သေချာတယ်။ နောက်ပြီး ဆိုင်ခန်းတွေဖျက်သိမ်းဖို့အတွက် တရားဝင် စာထုတ်ပြန်ထားတာမျိုး မရှိပါဘူး။ ဒီနေရာကို ဖယ်ပေးရမယ် ပြောင်းဖို့နေရာရှာထားကြပါလို့ ပြောတယ်''ဟု ရတနာသိင်္ဂီဈေးမှ ပျံကျဈေးသည်တစ်ဦးက ပြောကြားသည်။

ဆိုင်ခန်း ၄၇ ခန်း၏ ပိုင်ရှင် ၂၈ ဦးတို့သည် လက်ရှိရောင်းချနေသော ဆိုင်ခန်းများကိုဖယ်ရှားခြင်း၊ ရွှေ့ပြောင်းခြင်းမပြုရန်၊ ဆိုင်ခန်းများကို ပျဉ်ထောင်၊ သွပ်မိုးဆိုင်ခန်းများအဖြစ် အဆင့်မြှင့်ဆောက်လုပ်ခွင့်ပြုရန်၊ အနှစ် ၂၀ ကျော် ဤနေရာတွင် ဈေးရောင်းချခဲ့သူများဖြစ်၍ အဆင့်တိုးမြှင့်ပြီး ပါမစ်ဆိုင်ခန်းများအဖြစ်သတ်မှတ်၍ စည်ပင်ခွန်ကောက်ယူပါရန်အတွက် ဈေးသူဈေးသားများနှင့် ဆိုင်ခန်းပိုင်ရှင်များက စုပေါင်းလတ်မှတ်ရေးထိုးလျက် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ထံသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ထံသို့လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာန ဌာနမှူးထံသို့လည်းကောင်း အသနားခံစာ တင်ပြတိုင်ကြားထားပြီးဖြစ်ကြောင်းလည်း ဈေးသည်များက ဆိုပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။