Sunday, May 6, 2012

 မြန်မာနိုင်ငံမှ အမျိုးသမီးများ၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကို ကြည့်ရှုသွားမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Melanne Verveer ကို မေလ ၆ ရက်နေ့က တွေ့ရစဉ်(ဓါတ်ပုံ-Eleven Media Group)

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့၏ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Melanne Verveer က သူမ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ကြည့်ရှုသွားမည်ဟု ပြောကြားခဲ့သည်။

၎င်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်တွင် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

''ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့၏ အမေရိကန်ဆိုင်ရာ သံအမတ်ကြီးတစ်ယောက်အနေနဲ့ ကျွန်မဒီမှာ ရက်အနည်းငယ်ဆက်နေပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ အခွင့်အလမ်းတွေကို ကြည့်ရှုသွားပါမယ်။ လူမှုအဖွဲ့အစည်းတွေမှာ ရှိသမျှ လူတွေအားလုံးမှာ ပါဝင်စရာ အခန်းကဏ္ဍ ရှိရပါမယ်''ဟု ၄င်းက ပြောကြားသွားခဲ့သည်။
Melanne Verveer သည် အဆိုပါအဖွဲ့အစည်း၏ အမေရိကန်နိုင်ငံဆိုင်ရာ သံတမန်တစ်ဦးဖြစ်ပြီး မေလ ၆ ရက်မှ ၁၁ ရက်အတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့သို့ လာရောက်ကာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခြေအနေများအ ကြောင်း ဆွေးနွေးမည်ဖြစ်သည်။ ၄င်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ အမျိုးသမီး ခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။

''အမေရိကန် အစိုးရမှာ National Action Plan on Women Peace and Security ဆိုတဲ့ အစီအစဉ်တစ်ရပ် ရှိပါတယ်။ အဲဒီအစီအစဉ်အရ ပဋိပက္ခဒေသတွေက လူမှုအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အလုပ်လုပ်သွားဖို့ ရှိပါတယ်။ နောက်ပြီး နိုင်ငံရေး လုပ်ပိုင်ခွင့်တွေ အပ်နှင်းတဲ့ကိစ္စတွေမှာ အမျိုးသမီးတွေ အပြည့်အ၀ ပူးပေါင်းပါဝင်ခွင့်ရှိစေဖို့ ကျွန်မတို့အစိုးရက လုပ်ဆောင်သွားမှာပါ'' ဟု ၄င်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားသွားခဲ့သည်။

၎င်းသည် နေပြည်တော်သို့ သွားရောက်ကာ အစိုးရအဆင့်မြင့် အရာရှိကြီးများနှင့် တွေ့ဆုံပြီး အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အခွင့်အလမ်းများနှင့် အခြားအမျိုးသမီးအခွင့်အရေး ကိစ္စရပ်များအပါအ၀င် အမျိုးသမီးများ၏ဘ၀ မြင့်မားရေးနှင့် ပတ်သတ်၍ ဆွေးနွေးမည် ဖြစ်သည်။
Large for Global Women's Issue (ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့)သည် တကမ္ဘာလုံးရှိ အမျိုးသမီးများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများတွင် စွမ်းရည်မြှင့်တင်ပေးခြင်းဖြင့် အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးသော အဖွဲ့အစည်း ဖြစ်ကြောင်း
Eleven Media Group အင်တာနက်စာမျက်နှာမှာရေးသားဖော်ပြထားပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။