Friday, March 8, 2013

ပုဒ်မ ၁၄၄ သက်တမ်းတိုး ထုတ်ပြန်လိုက်သော လက်ပံတောင်းတောင် စီမံကိန်းနယ်မြေအတွင်းရှိ တောင် ၂ တောင် သိမ်းပွဲကို မတ်လ ၇ ရက်နေ့ညတွင် တောင်သူအင်အား ၁ ထောင်နီးပါးဖြင့် ပြုလုပ်ခဲ့ကြောင်း သိရ


ပုဒ်မ ၁၄၄ သက်တမ်းတိုး ထုတ်ပြန်လိုက်သော မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းနယ်မြေအတွင်းရှိ လိပ်ခွံတောင်နှင့် အင်ကြင်းတောင် တောင် ၂ လုံးကို ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်ည အကြမ်းဖက်ဖြိုခွင်းမှုအပြီး ပထမဆုံးအကြိမ်အဖြစ် တောင်သိမ်းပွဲကို မတ်လ ၇ ရက် ည ၇ နာရီ ဝန်းကျင်တွင် တောင်သူအင်အား ၁ ထောင်နီးပါးဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်သိမ်းပွဲကို လက်ပံတောင်းတောင် ၀န်းကျင်ရှိ တုံရွာမ၊ တုံရွာသစ်၊ ဖောင်းကတာ၊ တောကျောင်း၊ ထန်းတောကြီး၊ လယ်တီ၊ ကျောက်ဖြူတိုင်၊ ဇီးတော၊ ဆည်တည်း၊ ရွှေလှေ၊ မိုးကြိုးပြင် အလယ်ရွာ၊ မိုးကြိုးပြင် တောင်ရွာ၊ မိုးကြိုးပြင် မြောက်ရွာ၊ ဖောင်းကားရွာ စသောကျေးရွာများမှ ဒေသခံပြည်သူ တစ်ထောင်ကျော်က မက်လ ၇ ရက်နေ့ ည ၇ နာရီ ၀န်းကျင်တွင် တောင်သိမ်းပွဲကို ပြုလုပ်ခဲ့ပြီး ဆည်တည်းရွာနှင့် ၂ မိုင်ခန့်ဝေးကွာသော ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လိပ်ခွံတောင်နှင့် အင်းကြင်းတောင်တို့တွင် တောင်သိမ်းပွဲ အထိမ်းအမှတ်အနေဖြင့် လက်ပံတောင်းတောင်ဒေသ ပြည်သူ့အကျိုးစီးပွား ကာကွယ်ရေးကော်မတီ အမှတ်တံဆိပ် အလံ ၂ ခုကို မီးရှူးမီးပန်းပစ်ဖောက်၊ မောင်းများတီးကာ အလံစိုက်ထူခဲ့ကြကြောင်း သိရသည်။
“အရင်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တဲ ၅ ကြိမ်မှာ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အခု ဖေဖော်ဝါရီလကုန်မှာ ပုဒ်မ ၁၄၄ သက်တမ်းကုန်တော့ သက်တမ်းတိုးတဲ့အနေနဲ့  ပုဒ်မ ၁၄၄ ထပ်ထုတ်ခဲ့တယ်လို့သာ သိရပြီး တောင်သူတွေ အနေနဲ့ တော့ မသိရဘူး။ ဒေသခံ ပြည်သူတွေအနေနဲ့ လက်ပံတောင်းတောင် မဖြိုဖို့ကိုပဲ အဓိက လိုလား လုပ်ဆောင်တာ ဖြစ်တယ်။ တောင်သူတွေ ဒီလိုတောင်သိမ်းပွဲ
လုပ်ချိန်မှာ လက်ပံတောင်းတောင် ဧရိယာတွေထဲက ကင်းတဲတွေက ဆလိုက်မီးထိုးကြည့်တာတွေ ဝါယာလက် ရဲကား ၅ စီးလောက်က အချက်ပြမီးထွန်းပြီး အင်အားပြတာတွေ လုပ်ခဲ့တယ်။ အလံတွေ စိုက်အပြီး ည ၈ နာရီ ဝန်းကျင်မှာ တောင်ပေါ်ကနေ ပြန်ဆင်းခဲ့ကြပါတယ်” ဟု တောင်သိမ်းပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောပြခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။