Friday, March 8, 2013

ရွှေတိဂုံ၌ အသံဖြင့် ပူဇော်နိုင်သည့် ငြိမ်းချမ်းရေးခေါင်းလောင်း ထပ်တိုးလာ


ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ကျပ်သိန်း (၂၂၀၀)ကျော် တန်ဖိုးရှိ ခေါင်းလောင်းတစ်လုံးအားအမေရိကန် အခြေပြု ဗုဒ္ဒဘာသာအဖွဲ့တစ်ဖွဲ့မှ မတ်လ(၉)ရက်နေ့တွင် လှူဒါန်းသွားမည်ဖြစ်သည်။

အလှူရှင်အဖွဲ့မှာ Light of Buddha Dhama Foundation International အဖွဲ့ဖြစ်ပြီး အမေရိကန် နိုင်ငံအနေဖြင့် လှူဒါန်းခြင်းမဟုတ်ဘဲ ဗုဒ္ဒဘာသာအဖွဲ့ အနေဖြင့်သာ လှူဒါန်းခြင်းဖြစ်သည်။

ခေါင်းလောင်း၏အမည်မှာ ငြိမ်းချမ်းရေးခေါင်းလောင်းဟု အမည်ပေးထားကာ အနောက်ဘက် စောင်းတန်း၏   မြောက်ဘက်တွင်ရှိသည့် အောက်ပစ္စယံ၌ ထားရှိသွားမည်ဖြစ်ပြီး ခေါင်းလောင်းအလေးချိန်မှာ တန်ချိန်(၂)တန်ခွဲရှိကြောင်း သိရှိရသည်။

ဘုရားကို သာယာနာပျော်ဖွယ်ဖြစ်တဲ့ အသံကို လှူဒါန်းမှုပြုလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လှူမှာဖြစ်တယ်။ အနောက်ဘက်   စောင်းတန်းရဲ့အောက်ပစ္စယံမှာ လှူဒါန်းပွဲပြုလုပ်မယ်။ အဲဒီနေရာမှာပဲ ခေါင်းလောင်းကိုထားမယ်။ အမေရိကန်အခြေပြု ဗုဒ္ဒဘာသာအဖွဲ့တစ်ဖွဲ့က လှူမှာပါ။ အမေရိကန်နိုင်ငံအနေနဲ့လှူမှာ မဟုတ်ပါဘူး ဟု ဂေါပကရုံးမှ ဥက္ကဋ္ဌ ဦးဝင်းကြိုင်ကပြောသည်။

အဆိုပါ ခေါင်းလောင်းတွင် အလှူကဗ္မည်းစာများရေးထိုးထားပြီး အရွယ်အစားကြီးမားကာ ဘုရားဖူးများအား   ခေါင်းလောင်း ထိုးခွင့်ပြုသွားမည် ဖြစ်ကြောင်းကိုလည်း ၄င်းကဆက်ပြောသည်။

ရွှေတိဂုံစေတီတော်တွင် ယခင်က အရွယ်အစားကြီးမားပြီး အသံဖြင့် ပူဇော်၍ ရသည့် ခေါင်းလောင်း (၃၂)လုံးရှိခဲ့ကာ ယခုလှူဒါန်းသည့် ခေါင်းလောင်းတစ်လုံးနှင့်ဆိုလျှင် (၃၃)လုံး ရှိလာပြီဖြစ်သည်။

ဂေါပကအဖွဲ့အနေဖြင့် ခေါင်းလောင်းများအား အသံဖြင့် ပူဇော်ခွင့်ပေးထားပြီး သက်တမ်းရှည်ကြာပြီး ပျက်စီးနိုင်သည့် ခေါင်းလောင်းများကိုသာ ကန့်သတ်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

 ရွှေတိဂုံစေတီတော်၌ ၂၀၀၅ ခုနှစ်က ကိုရီးယားလူမျိုးတစ်ဦးမှ ခေါင်းလောင်းတစ်လုံး လှူဒါန်းခဲ့ပြီး  (၈)နှစ်ကြာတွင် ယခု အမေရိကန်အခြေပြု ဗုဒ္ဒဘာသာအဖွဲ့က လာရောက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကရုံးမှ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။