Friday, March 8, 2013

ဘင်္ဂလီအရေး ပွင့်လင်းမြင်သာမှုရှိရန် ဦးဆောင်တောင်းဆိုသူများ တရားစွဲခံရမည်


ရခိုင်နှင့် ဘင်္ဂလီ နှစ်ဘက်ပဋိပက္ခဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဘင်္ဂလီအရေးကို ကိုင်တွယ်ဖြေရှင်းရာ၌   ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့မှ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသားများက ယမန်နေ့က   တောင်းဆိုခဲ့ကြသည်။

အဆိုပါ တောင်းဆိုမှုများ၌ ဦးဆောင်ခဲ့သူနှစ်ဦးဖြစ်သည့် ဦးကျော်ဇောဦးနှင့် ဒေါ်ညိုအေးအား ယမန်နေ့ညပိုင်းက ခေတ္တခေါ်ယူ စစ်ဆေးကာ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း ခွင့်ပြုချက်မရပဲ ဆန္ဒ ထုတ်ဖော်ခဲ့သည့်အတွက် ပြည်နယ်အစိုးရမှ တရားစွဲသွားမည်ဖြစ်ကြောင်း စစ်တွေဒေသခံများထံက သိရသည်။

ည(၇)နာရီလောက်မှာ သူတို့နှစ်ယောက်ကို ခေါ်သွားတယ်၊ ခဏနေတော့ အာမခံနဲ့ ပြန်လွှတ် ပေးပေမယ့် ခွင့်ပြုချက်မယူပဲ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့တဲ့အတွက် သူတို့ကို တရားစွဲဖို့ လုပ်နေတယ်လို့ သိရတယ်ဟု စစ်တွေဆန္ဒထုတ်ဖော်ပွဲ၌ ဆန္ဒထုတ်ဖော်ခဲ့သူ တစ်ဦးက ပြောသည်။

 မတ်လ(၇)ရက်နေ့ နေ့လည်ပိုင်း ၂နာရီမှစ၍ စစ်တွေမြို့ မြောက်ဦးမြို့ ကျောက်တော်မြို့၌ ပြုလုပ်ခဲ့သည့် လူထုဆန္ဒထုတ်ဖော်ပွဲတွင် အစိုးရအား ဘင်္ဂလီအရေးနှင့်ပတ်သက်၍ ပွင့်လင်း မြင်သာမှုရှိရန် ဒေသခံများက   တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

စစ်တွေမြို့တွင်လူထူ ၅,၀၀၀ကျော်က   နေ့လည် ၂နာရီတွင် ဆန္ဒထုတ်ဖော်ခဲ့ကြရာဘင်္ဂါလီအရေး ကိုင်တွယ်ရာတွင် ပွင့်လင့်မြင်သာမှုရှိအောင် လုပ်ရန်၊ ဘင်္ဂလီများအား အိမ်ဆောက်ပေးမည့်ကိစ္စအား လူသိသည့် အခါမှ မဟုတ်ပါလို့ ငြင်းချက်ထုတ်နေသည့် တာဝန်ရှိသူအားလုံးအား ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 ဘင်္ဂလီမှာ မြန်မာနိုင်ငံသား ဟုတ်မဟုတ် မစစ်ဆေးပဲ မြေပိုင်အိမ်ပိုင်လုပ်ပေးမည့် ကိစ္စအား အပြင်းအထန် ကန့်ကွက်ကြောင်း အပါအ၀င် တရားမ၀င်နေထိုင် သူများအား ဥပဒေကြောင်းအရ အမြန်ဆုံးအရေးယူပေးရန်၊ ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအား အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ရန် စသည့်အချက်များဖြင့် စီတန်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

ပြည်နယ် အစိုးရရော ပြည်ထောင်စုအစိုးရပါ ကျမတို့ဒေသခံ တိုင်းရင်းသားတွေကို အသိပေးပြီး လုပ်ခြင်းမရှိဘူး၊ ကျမတို့ အပေါ်မှာ ပွင့်လင့်မြင်သာအောင်ချပြတာ မတွေ့ရဘူး၊ မတွေ့ရတဲ့ အတွက် ပြည်သူတွေရဲ့ ကိုယ်စားကျမတို့က  ဆန္ဒထုတ်ဖော်တာဖြစ်တယ်၊ဒေသခံတိုင်းရင်းသားတွေရဲ့ သဘောထားမပါဘဲ ဒေသအရေးကိုမဆုံးဖြတ်ပါနဲ့ဆိုတဲ့ အချက်တွေကို တောင်းဆိုထားတာပါဟု ဆန္ဒထုတ်ဖော်ရာတွင်ဦးဆောင်သူတစ်ဦးဖြစ်သည့် ရခိုင်အမျိုးသမီးကွန်ယက်မှ ဥက္ကဋ္ဌ ဒေါ်ညိုအေးက ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။
 
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား  စိစစ်မှုမရှိဘဲ နိုင်ငံတကာ အစီအစဉ်ဖြင့်အိမ်ပိုင် မြေပိုင်ဆောက်လုပ်ပေးမည့် ကိစ္စအပေါ် ပွင့်လင့်မြင်သာမှုမရှိသည့် အတွက် ရခိုင်လူထုကဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတကာ အစီစဉ်ဖြင့် စစ်တွေမြို့နယ်ရှိ  ဘင်္ဂလီများအား အိမ်အလုံး ၃၀၀၀ကျော်ဆောက်လုပ်ပေးမည့် ကိစ္စတွင် ၄င်းတို့အား စိစစ်ခြင်းမရှိဘဲ ကိုယ်ပိုင်အိမ်ခြံမြေများ ဆောက်လုပ်ပေးမည့်အစီအစဉ်ကို ရခိုင်လူထုက သဘောမတူနိုင်ကြောင်းကိုလည်း သိရသည်။

ဒီနေရာမှာကျနော်ပြောချင်တာက၊ သမ္မတကြီးပြောတာရှိတယ်၊သူတို့ဒုက္ခသည်တန်းလျားနဲ့ ဒုက္ခသည်အဖြစ်ထားရှိမယ် ဆိုပြီးတော့  ကနဦးက ပြောထားတာတွေရှိတယ်၊ ခုနောက်ပိုင်း တစ်မျိုးဖြစ်လာတယ်၊ ဘာဘဲဖြစ်ဖြစ် ရခိုင်လူထုဖြစ်စေချင်တာက ပွင့်လင့်မြင်သာမှုရှိအောင် ရခိုင်လူထုကိုချပြပါ၊  အဲလိုမချပြလို့ အခုလိုဖြစ်လာတယ်၊ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူတစ်ဦးက ဆိုသည်။

မကြာသေးမီရက်ပိုင်းကလည်းစစ်တွေမြို့ အိုးတန်းတွင် အိမ်တစ်လုံးအား တူရကီနိုင်ငံမှ အဖွဲ့အစည်းတစ်ခုက အိမ်ငှားထားသည့်အတွက်လူထုက မကျေနပ်သဖြင့် အိမ်ငှားရပ်စဲခဲ့ရ သေးသည်။

ယမန့်နေ့က စစ်တွေမြို့ဆန္ဒထုတ်ဖော်ပွဲတွင် အစိုးရမှ တစ်စုံတရာ အဟန့်အတား မရှိပဲ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ရာ ညနေ့ ၃နာရီခွဲတွင် ပြီးဆုံးပြီးနောက် ညပိုင်တွင် ဦးဆောင်ဆန္ဒ ထုတ်ဖော်သူများအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။