Wednesday, December 12, 2012

မြန်မာ့လေကြောင်းသို့ ဘရာဇီးလ်နိုင်ငံထုတ် EMBRAER 190 လေယာဉ်သစ် ရောက်ရှိလာ

မြန်မာ့လေကြောင်းက မှာယူမှုနဲ့ ဘရာဇီးလ်နိုင်ငံထုတ် EMBRAER 190 လေယာဉ်အမျိုးအစား လေယာဉ်သစ် ၁ စီးဟာ

ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာပြီးဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လေယာဉ်ကိုတော့ မြန်မာ့လေကြောင်းရှိ လက်ရှိပျံသန်းပြေးဆွဲနေတဲ့ သက်တမ်းရင့် လေယာဉ်များနေရာမှာ အစားထိုး ပျံသန်းပြေးဆွဲ သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါလေယာဉ်ဟာ ခရီးသည် ၁၀၀ ဦးကို တင်ဆောင်နိုင်ပြီး လေယာဉ်အင်ဂျင်စွမ်းရည် ကောင်းမွန်မှုရှိတယ်လို့လည်း သိရပါတယ်။

 

အဲ့ဒီလေယာဉ်ရဲ့ အင်ဂျင်တွေကိုတော့ အမေရိကန်နိုင်ငံ GE ကုမ္ပဏီမှ ထုတ်လုပ်တဲ့ GE-CF-34-10 E6A1 အင်ဂျင်စက်များကို တပ်ဆင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် လေယာဉ်တွေမှာ အခြားလေယာဉ်တွေထက် ထိုင်ခုံနေရာ ကျယ်ဝန်းခြင်း၊ ပစ္စည်းထားသိုရန် နေရာကျယ်ဝန်းခြင်း စတဲ့ အားသာချက်များလည်း ရှိတယ်လို့သိရပါတယ်။ မြန်မာ့လေကြောင်းမှယခုလို MBRAER လေယာဉ်များ မှာယူမှုဟာ လေယာဉ်သစ်၂ စီး မှာယူထားတာဖြစ်ပြီး ယခုအခါ လေယာဉ်သစ် တစ်စီးရောက်ရှိကာ လာမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ပထမပတ်မှာ တစ်စီးထပ်မံ ရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါလေယာဉ်သစ် ၂ စီးကို မြန်မာ့လေကြောင်းမှ သက်တမ်းကာလ ၇ နှစ် ငှားရမ်းထားတာဖြစ်ပါတယ်။

 

အဆိုပါလေယာဉ်များနဲ့ ပြေးဆွဲမှုကိုတော့ အိနိ္ဒယနိုင်ငံ ဗုဒ္ဓဂါယာ၊ ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ပြည်တွင်းရှိ "ဖော်ကာတမ်းတီဆလ်ဗင်း" လေယာဉ် ဆင်းသက်လို့ရတဲ့ နေရာတွေကို ပျံသန်းပြေးဆွဲမှာဖြစ်ပါတယ်။ အဆိုပါလေယာဉ်ကို မောင်းနှင်နိုင်ဖို့ အတွက်ကိုတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ FSI ကျောင်း Simulator တွေမှာ လေယာဉ်မှူးများနဲ့ အင်ဂျင်နီယာများ တက်ရောက်သင်ကြားနေတယ်လို့ သိရပါတယ်။ အဲ့ဒီ EMBRAER လေယာဉ်ဈေးနှုန်းများဟာ လေယာဉ် ၁ စင်းကို အမျိုးအစားအလိုက် အမေရိကန်ဒေါ်လာ ၂၈.၅ သန်းမှ သန်း ၄၀ အထိ ဈေးနှုန်းရှိတာဖြစ်တယ်လို့ သိရပါတယ်။

 

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။