Wednesday, December 12, 2012

ပညာရေးနှင့် စားဝတ်နေရေး ကျပ်တည်းမှုကြောင့် ကလေးငယ်များ ကူးသန်းရောင်းဝယ်မှု ခံနေရ

ကလေးငယ်များဟာ စားဝတ်နေရေးကျပ်တည်းခြင်း၊ ပညာရေးအပါအ၀င် အခြေခံလိုအပ်ချက်များ နိမ့်ကျခြင်း စတဲ့အချက်တွေကြောင့်

 မသမာသူများရဲ့ ကူးသန်းရောင်းဝယ်ခြင်းကို ခံနေရတာဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ရွှေဂုံတိုင်ရှိ Excel Tower မှာ ကျင်းပပြုလုပ်တဲ့ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်တားဆီးရေးနေ့ ကြိုဆိုပွဲမှာ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။ အဆိုပါပွဲဟာ ကလေးသူငယ်များဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းကျင်းပတဲ့ပွဲဖြစ်ပြီး  လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အသိပညာပေးမှုများ အားနည်းနေခြင်းတွေကြောင့်လည်း  ကလေးသူငယ်တွေဟာ ရောင်းဝယ်ခံနေရတာ ဖြစ်တယ်လို့ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။
 
ဒါကြောင့် ကလေးသူငယ်တွေ ရောင်းဝယ်ခံ့ရမှု ပပျောက်ရေးအတွက် နိုင်ငံတကာမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ ဒီကနေ့ကို ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်တားဆီးရေးနေ့အဖြစ် အတည်ပြု သတ်မှတ်ထားပြီး ယခုကျင်းပတဲ့ပွဲဟာလည်း အဆိုပါနေ့ အထိမ်းအမှတ်ကျင်းပတာ ဖြစ်ပါတယ်။ အဆိုပါပွဲမှာတော့ ကလေးသူငယ်တွေ ရောင်းဝယ်ခံ့ရမှု ပပျောက်ရေးနေ့ကို ကြိုဆိုတဲ့အနေနဲ့ ကလေးငယ်များဟာ သီချင်းဆိုခြင်း၊ သံချပ်ဖြင့်ဖျော်ဖြေခြင်း၊ ပြဇာတ်ကခြင်း၊ မင်းသားအကဖြင့် ကပြဖျော်ဖြေခြင်းစတဲ့ ဖျော်ဖြေမှုများကို ပြုလုပ်ခဲ့ပါတယ်။
 
ယခုပွဲကို ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ကလေးတွေကို ကာကွယ်ပေးနိုင်ရန်အတွက် လိုအပ်တဲ့ ဥပဒေများကို ပြဌာန်းပေးနိုင်ရန်နဲ့ ချိုးဖောက်သူများကို ထိရောက်စွာ အရေးယူနိုင်ရန် ပြုလုပ်တာဖြစ်ပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းအနေနဲ့လည်း တတ်နိုင်တဲ့ ကဏ္ဍအသီးသီးက ပါဝင်လုပ်ဆောင်ရန် ရည်ရွယ်ကျင်းပပြုလုပ်တာ ဖြစ်တယ်လို့လည်းသိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။