Wednesday, December 12, 2012

စီးပွားရေး လုပ်ငန်းများအတွက် ဂျပန်ခရီး သွားများ အများစုလာရောက်

ယခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ ရန်ကုန်လေဆိပ်မှ ဂျပန်ခရီးသွားဧည့်သည် လူဦးရေ လေးသောင်း ကျော်ဝင်ရောက်ခဲ့ပြီး

အများစုမှာ စီးပွားရေးလုပ်ငန်းတွေအတွက် လာရောက်ကြတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ထက် ယခုနှစ်မှာ ဂျပန်ခရီးသွား ၂ ဆကျော် ပိုမိုဝင်ရောက်လာတယ်လို့လည်း ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြား ချက်အရသိရပါတယ်။

 

အဆိုပါ ဂျပန်ခရီးသွားဧည့်သည် ၀င်ရောက်မှုမှာတော့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ ရန်ကုန်လေဆိပ်က ခရီးသွား နှစ်သောင်းတစ်ထောင့်နှစ်ရာ ကျော်သာဝင်ရောက်ခဲ့ပြီး ယခုနှစ်မှာတော့ လေးသောင်း ကျော်အထိ တိုးတက်ဝင်ရောက်လာ တာဖြစ်ပါတယ်။ အဲ့ဒီလို ၀င်ရောက်ခဲ့တဲ့ ဂျပန်ခရီးသွား ဧည့်သည်အများစုမှာ ခရီးသွားသီးသန့်မဟုတ်ပဲ အဓိကမှာ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်မှုများပြားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ဂျပန်လူမျိုးများ မြန်မာနိုင်ငံကို လာရောက်မှုဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် တိုးတက်လာတဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများနဲ့ ယဉ်ကျေးပျူငှာတဲ့ ဓလေ့ထုံးစံများကို သဘောကျတဲ့အတွက် လာရောက်မှု ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ယခုလက်ရှိမှာ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံမှ ခရီးသွားအများဆုံး ၀င်ရောက်လျက်ရှိပြီး ယခုနှစ်အတွင်း ထိုင်းလူမျိုး ၈၁၀၂၆ ဦး ၀င်ရောက်မှုရှိထားတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင်  မြန်မာနိုင်ငံကို ခရီးသွားများလာရောက်မှုဟာ ယခုနှစ်အတွင်းမှာ ပိုမိုဝင်ရောက်လျက်ရှိပြီး  မြန်မာနိုင်ငံရဲ့ တိုးတက်လာတဲ့ အခြေအနေနဲ့ လေကြောင်းတိုက်ရိုက်ပြန်သန်းခွင့်များ ပိုမိုများပြားလာတဲ့အတွက် ပိုမိုဝင်ရောက်တာဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။