Wednesday, December 12, 2012

ရေထွက်ပစ္စည်းများ ပြည်ပတင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၄၃၂ သန်းကျော် ရရှိ

ယခုလက်ရှိ ဘဏ္ဍာနှစ်အတွက် ရေထွက်ပစ္စည်းများ ပြည်ပတင်ပို့မှုမှ ရရှိငွေကို အမေရိကန် ဒေါ်လာသန်း ၇၀၀ သတ်မှတ်ထားရာ
 ဒီဇင်ဘာလ ၉ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၄၃၂ သန်းကျော် ရရှိနေပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ရေထွက်ပစ္စည်းများ ပြည်ပတင်ပို့မှုမှ အကောင်အထည်ဖော်နိုင်မှု ရာခိုင်နှုန်းဟာ ၆၁.၇၇ ရာခိုင်နှုန်း ရှိနေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ အပတ်စဉ်ပြုလုပ်တဲ့ သား၊ ငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ အစည်းအဝေးမှ သိရပါတယ်။ အဲ့ဒီလို ရေထွက်ပစ္စည်း ပြည်ပတင်ပို့ရာမှာ ငါးရှဥ့်ပြည်ပတင်ပို့မှုကို အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိရန်လျာထားရာ ဒီဇင်ဘာလ ၉ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၃၄.၃၀၆ သန်း ရရှိနေပြီး အကောင်အထည်ဖော်နိုင်မှု ရာခိုင်နှုန်းမှာ ၁၁၄.၃၅ ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ဂဏန်းပြည်ပတင်ပို့မှုမှ ရရှိငွေကို ၃၈ သန်းလျာထားရာ ယခုဒီဇင်ဘာလ ၉ ရက်နေ့ အထိ ၃၀.၅၇၈ သန်းရရှိနေပြီး အကောင်အထည်ဖော်မှု ရာခိုင်နှုန်းမှာ ၈၀.၄၇ ရာခိုင်နှုန်းဖြစ်ရှိကာ ယခုနှစ်လျာထားချက်ထက် ကျော်လွန်နိုင်တယ်လို့ သိရပါတယ်။ မွေးမြူရေးငါးများ ပြည်ပတင်ပို့မှုမှာ ဒီဇင်ဘာလ ၉ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၇၁.၁၃၂ သန်းရရှိနေပြီး လျာထားချက်မှာ အမေရိကန်ဒေါ်လာသန်း ၁၂၀ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းက ငါးများကို အနောက်ဥရောပနိုင်ငံများနဲ့ အမေရိကန်နိုင်ငံများရှိ ဈေးကွက်များ ထပ်မံတိုးချဲ့တင်ပို့နိုင်ဖို့အတွက် ပြည်ပပညာရှင်များက နည်းပညာများလာရောက် ကူညီပေးမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။