Wednesday, December 12, 2012

အစိုးရမှ အချက်(၃)ချက် မလိုက်လျောခြင်းကြောင့် တစ်တိုင်းပြည်လုံးရှိသံဃာများ ဆန္ဒပြမည်





လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းအားအကြမ်းဖက်ဖြိုခွင်းခဲ့ရာတွင် ဒဏ်ရာရသံဃာများကိုသက်ဆိုင်ရာ တာဝန်ရှိသူများမှ တစ်စုံတစ်ရာလိုက်လျောခြင်းမရှိခြင်းကြောင့် ဒီဇင်ဘာ (၁၂)ရက်နေ့တွင် မြန်မာနိုင်ငံရှိသံဃာများ ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်သည်ဟုကျန်းမာရေးပြုစုစောင့်ရှောက်မှုကော်မတီမှ ဦးဥတ္တမထံမှ သိရှိရသည်။
 
 

"ဦးဇင်းတို့တောင်းဆိုထားတဲ့ အချက်(၃)ချက်ရှိတယ်၊ ဒဏ်ရာရ သံဃာတွေကိုဝန်ချတောင်းပန်ဖို့ ၊ ပစ်မိန့်ပေးခဲ့တဲ့ တာဝန်ရှိသူကို အရေးယူပေးဖို့ နဲ့ဆန္ဒပြရာမှာ ဖမ်းဆီးထားသူတွေကို အကုန် ပြန်လွှတ်ပေးဖို့ အဲ့ဒါတွေကိုသတ်မှတ်ရက်အတွင်း တစ်ခုမှ မလုပ်ပေးရင် တစ်တိုင်းပြည်လုံး ဆန္ဒပြမှာ ဆိုပြီးကြိုပြောထားပါတယ်" ဟု ကျန်းမာရေးပြုစုစောင့်ရှောက်မှုကော်မတီမှ ဦးဥတ္တမကမိန့်ကြားသည်။
 
 
သံဃာများ ဆန္ဒပြတောင်းဆိုရာတွင် သက်ဆိုင်ရာ မြို့နယ်များသို့ခွင့်ပြုမိန့်မတောင်းဘဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
 
 
"ခွင့်ပြုမိန့်မတောင်းတာက ခွင့်ပြုမယ် ၊ မပြုမယ် ဆိုတာ မသေချာဘူးအဲ့ဒါတွေကို မစောင့်နိုင်ဘူး " ဟု မန္တလေးအခြေစိုက် ဘ၀အလင်းဆေးခန်းမှဦးသောပိတက မိန့်သည်။
 
 
နိုင်ငံတော်အစိုးရမှ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပေးထားပြီးအဆိုပါကော်မတီကို အားကိုး၍ မရနိုင်ကြောင်း ဦးသောပိတကဆက်လက်မိန့်ကြားခဲ့သည်။
 
 
"စုံစမ်းစစ်ဆေးရေးမှာ ဒေါ်အောင်ဆန်းစုကြည်ပါပေမဲ့ သူကစုံစမ်းလို့ပဲရနိုင်တယ် ဖမ်းဆီးထားတာက ကော်မရှင်နဲ့မဆိုင် ဘူးလေအဲ့အပိုင်းကို အားကိုးလို့မရနိုင်ဘူး တစ်ချို့လူတွေကို အာမခံနဲ့ပြန်လွှတ်ပေးပြီးပေမဲ့ တစ်ချို့လူတွေကျန်နေသေး တယ် အကုန်မလွှတ်ပေးသေးဘူး၊အဲ့ဒါတွေကြောင့် ဆန္ဒပြမှာပါ" ဟု ဦးသောပိတက မိန့်ကြားခဲ့သည်။
 
 
ဒီဇင်ဘာ (၁၂)ရက်နေ့ နေ့လည်(၁)နာရီအချိန်ခန့်တွင်တိုင်းနှင့်ပြည်နယ်များမှ သံဃာများအားလုံးဆန္ဒပြတောင်းဆိုသွား မည်ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီးတွင်မည်သည့်နေရာ၌ စတင်မည်ကို မသိရှိရသေးကြောင်း ၊ မန္တလေးတိုင်းဒေသကြီးတွင်၄၁လမ်းရှိ ဦးဘဘုရားရှေ့မှ စတင်ကာ လမ်းလျှောက်ဆန္ဒပြမည်ဖြစ်ကြောင်းသိရှိရသည်။
 
 
ဒီဇင်ဘာ(၁၁)ရက်နေ့တွင် ဗဟန်းမြို့နယ် ရဲစခန်းမှ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းအကြမ်းဖက် ဖြိုခွင်းခြင်းကို အရေးယူပေးရန်ဆန္ဒပြတောင်းဆိုခဲ့သူ ကိုမိုးသွေးအား အယူခံဝင်စေကြောင်း GWမှ တာဝန်ရှိသူကိုဝင်းထွဋ်ထံမှ သိရှိရသည်။
 
 
"တခြားလူလွှတ်မလွှတ်တော့ မသိသေးဘူး ကျွန်တော်တို့အဖွဲ့က ကိုမိုးသွေးကတော့ဒီနေ့ ဗဟန်းမြို့နယ် ရဲစခန်းမှာ အယူခံဝင်ရတယ်" ဟုမျိုးဆက်သစ်လူငယ်များအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဝင်းထွဋ်က ပြောသည်။
 
 
နိုဝင်ဘာလအတွင်းတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေး နှင့်သပိတ်စခန်းအကြမ်းဖက် ဖြိုခွင်းခဲ့သူများကို အရေးယူပေးရေးအတွက်ဆန္ဒပြခဲ့သူများမှ ခေါင်းဆောင် (၈)ဦးခန့်ကို သက်ဆိုင်ရာ အာဏာပိုင်များမှဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ယနေ့အချိန်ထိ မည်သူတစ်ဦးမှလွှတ်ပေးခြင်းမရှိသေးကြောင်း သိရှိရသည်။
 


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။