Thursday, November 29, 2012

 ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ အစိုးရဌာန ၁၀ ခုမှ ထပ်မံဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၁၁၄ ဒသမ ၃၀၇ ဘီလီယံကို တောင်းခံ

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက်  ရန်ကုန်တိုင်းဒေသကြီး၏ ဌာန ၁၁ ခုမှ အသုံးစရိတ်အား ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ၁၁၄ ဒသမ ၃၀၇ ဘီလီယံကို ပြည်ထောင်စုအစိုးရအဖွဲ့မှ တောင်းခံခဲ့ကြောင်း နိုဝင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သော ပထအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်၏ တင်ပြချက်များအရ သိရှိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးအဆင့် ဌာနအဖွဲ့အစည်း ၁၁ ခုမှ  ထပ်မံတင်ပြတောင်းခံငွေမှာ သာမန်အသုံးစရိတ်ငွေကျပ် ၁၀.၆၄၂ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၁၀၃.၆၅၈ ဘီလီယံနှင့် ကြွေးမီ အသုံးစရိတ်ငွေကျပ် ၇ သန်း၊ စုစုပေါင်း အသုံးစရိတ်ငွေကျပ် ၁၁၄ ဒသမ ၃၀၇ ဘီလီယံဖြစ်ကြောင်း သိရသည်။
တင်ပြတောင်းခံသည့် ဌာနများမှာ တရားရုံးများမှ ၂၀.၀၈ သန်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ  ၅၀ ဒသမ ၆၄၃ ဘီလီယံ၊ အကျဉ်းဦးစီးဌာနမှ ၂၅ သန်း၊ အသေးစားစက်မှုလက်မှု ဦးစီးဌာနမှ ၂.၀၅၉ သန်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ၁၂၂.၄၂၃ သန်း၊ အဆောက်အအုံနှင့် လမ်းတံတားများ ပြင်ဆင်ထိန်းသိမ်းခြင်းအတွက် ၂၀.၂၁၅ ဘီလီယံ၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ ၆.၇၉၇ သန်း၊ ဗဟိုပြည်တွင်းကုန်တင်ကုန်ကျ ကော်မတီမှ ၀.၄၃၀ သန်း၊ သစ်တောဦးစီးဌာနမှ ၁၇.၆၉ သန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ၄၂ ဒသမ ၇၅၃ ဘီလီယံ၊ စည်ပင်သာယာရေး အဖွဲ့များမှ ၄၅၀ သန်းတို့ဖြင့် စုစုပေါင်း ၁၁၄.၃၀၇ ဘီလီယံဖြစ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ ဖြည့်စွက်ခွင့်ပြုငွေ ထပ်မံတောင်းခံပြီးခဲ့ပြီးနောက် ဖြစ်ပေါ်လာသော ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေတွင် သုံးငွေမှာ ကျပ် ၂၂၀.၁၇၉ ဘီလီယံဖြစ်ပြီး ရငွေမှာ ကျပ် ၁၃၄.၅၀၂ ဘီလီယံဖြစ်သောကြောင့် လိုငွေ ကျပ် ၈၅.၆၇၇ ဘီလီယံဖြစ်ကြောင်း၊  ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်းခံငွေမှာ  ၁၁၄ ဒသမ ၃၀၇ ဘီလီယံဖြစ်သော်လည်း ရငွေများကို လျာထားချက်ထက် ကျော်လွန်အောင် ကြီးကြပ်ကောက်ခံခြင်း၊ မလိုလားအပ်သော အသုံးစရိတ်များအား ပြန်လည်အပ်နှံစေခြင်းတို့ကြောင့် ငွေကျပ် ၈၅.၆၇၇ ဘီလီယံသာ လိုငွေဖြစ်နေကြောင်း သိရသည်။ အဆိုပါလိုငွေအနက် ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာရန်ပုံငွေမှ ငွေကျပ် ၈၄.၉၂၆ ဘီလီယံ ထောက်ပံ့ရရှိမည် ဖြစ်သောကြောင့် ငွေကျပ် ၇၅၁ သန်းသာ ချေးယူသုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။
အသုံးစရိတ်များအား တင်ပြတောင်းခံမှုများ ရှိနေသလို အခြားတစ်ဖက်၌လည်း ရငွေများကို မူလလျာထားချက်ထက် ပိုမိုရရှိအောင် ကြီးကြပ်ကောက်ခံခဲ့ရာတွင် လျာထားချက်ထက် ငွေကျပ် ၄၆.၆၉၆ ဘီလီယံ ပိုမိုရရှိခဲ့သည်ဟုလည်း သိရသည်။
ယခုတောင်းခံသည့် ဖြည့်စွက်ခွင့်ပြုငွေအား ပြီးခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့ပြီးဖြစ်ကြောင်းနှင့် လွှတ်တော်မှ ခွင့်ပြုပေးနိုင်ရန်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံစွဲရေး ဥပဒေကြမ်းကို တင်သွင်းခဲ့ရာ တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ထောက်ခံခဲ့ပြီး ယင်းကိစ္စကို လွှတ်တော်တွင် ဆက်လက်ဆွေနွေးသွားမည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။