Thursday, November 29, 2012

 လက်ပံတောင်းတောင် အရေး ပြေလည်မှု ရစေရန် ဒေါ်အောင်ဆန်းစုကြည် ကြားဝင် ဆောင်ရွက်ပေးလို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများနှင့် လုပ်ငန်းရှင်များအကြား ပြေလည်မှု ရစေရန် ကြားဝင် ဆောင်ရွက်ပေးလိုကြောင်း ဒေါ်အောင်ဆန်စုကြည်က နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်အချိန်တွင် မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ ကံကုန်းကျေးရွာ၌ ပြည်သူလူထုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 


ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာ အတွင်းရှိ  သပိတ်စခန်း ခြောက်ခုကို အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းနှင့် ပတ်သက်သော ကိစ္စရပ်အပေါ် မည်သည့် မှတ်ချက်မျှ မပေးခဲ့ဘဲ ဒေသတွင်း အခက်ခဲများနှင့် ပတ်သက်၍ ကြားဝင် ဆောင်ရွက် ပေးလိုကြောင်းကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

" ကြေးနီစီမံကိန်းနဲ့ ပါတ်သက်ပြီး ဖြစ်နေတဲ့ပြဿာနာဟာ ကျွန်မကနေပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်။ ဒီလိုအေးအေးချမ်းချမ်းနဲ့ ပြေလည်တော့ ကျွန်မတို့ ပြည်သူတွေလည်း ဝမ်းသာတယ်။ နိုင်ငံလည်း သိက္ခာရှိတယ်။ ကျွန်မတို့ အနာဂတ်အတွက်လည်း ကောင်းတဲ့ခြေလှမ်းဖြစ်တယ်။ အဲ့လိုရအောင် ကျွန်မကြိုးစားမယ်။ ကြိုးစားပေမယ့်လို့ အောင်မြင်မယ်၊ မအောင်မြင်မယ် ဆိုတာကတော့ ကျွန်မကနေပြီးတော့ ဘယ်လိုအာမခံချက်မှ မပေးနိုင်ဘူး။ ဒါပေမယ့် ပြည်သူကသာ ကျွန်မနဲ့ လက်တွဲပြီးတော့ ပြေလည်မှုရှာမယ်ဆိုလို့ရှိရင် အောင်မြင်နိုင်မယ်လို့ ကျွန်မယုံပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက မုံရွာမြို့သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်သည် ညနေပိုင်းတွင် လက်ပံတောင်တောင် ကြေးနီစီမံကိန်း ဧရိယာရှိ ၀မ်ပေါင် ကုမ္ပဏီ ရုံးခန်းသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

"ကျွန်မက ပြည်သူကိုတစ်ခုပဲ တောင်းပန် ချင်ပါတယ်။ သေသေချာချာ စိတ်ရှည်ရှည်နဲ့ ကျွန်မဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ ဆုံးဖြတ်ချက်တော့ မချသေးဘူးပေါ့နော်။ ဒါပေမယ့် ကျွန်မ တစ်ဖက်ကိုတော့ မေးကြည့်ပြီးပါပြီ။ လုပ်ငန်းရှင်တွေဘက်ကို တွေ့ပြီး သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့ချင်တယ်။ ကန့်ကွက်တဲ့ ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။ ဟိုဘက်ဒီဘက် အဖြေ နှစ် ခုကို ကြည့်ပြီးတော့ တတ်နိုင်သလောက် ပြေလည်အောင်လို့ ကျွန်မ ညှိပေးချင်တယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။

" ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင် ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့ နိုင်ငံ၊ အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လို လုပ်မလဲ၊ ဘယ်လို နေမလဲ၊ ဘယ်လိုထိုင်မလဲ။ ဘယ်လို ပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ ကျွန်မတို့ ဆုံးဖြတ်ရလိမ့်မယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့သို့ နိုင်ဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ရောက်ရှိပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာရှိ ၀မ်ပေါင် ကုမ္ပဏီ ရုံးခန်းသို့ သွားရောက်ကာ ကံကုန်းကျေးရွာ၌ ပြည်သူလူထုနှင့် တွေ့ဆုံကာ မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။  မိန့်ခွန်းပြောကြားမှုအပြီး အပြန်တွင် မုံရွာဆေးရုံကြီးသို့ ၀င်ရောက်မည်ဖြစ်ကာ ညပိုင်းတွင် ရပ်မိရပ်ဖများနှင့်တွေ့ဆုံမည်ဟု သိရသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်မူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဟု သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။