Thursday, November 29, 2012

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ခိုင်ခံ့မှုမရှိသည့် စစ်ကျန်ဘတ်စ်၊ ဘီအမ်နှင့် ဒိုင်နာယာဉ်များနေရာတွင် ခရီးသည်တင် စီးတီးဘတ်စ်များ အစားထိုးသင့်ကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲလျက်ရှိသော ခိုင်ခံ့မှုမရှိသည့် စစ်ကျန်ဘတ်စ်များ၊ ဘီအမ်နှင့် ဒိုင်နာယာဉ်များနေရာတွင် အဆင့်အတန်းမီသော ခရီးသည်တင် စီးတီးဘတ်စ်များ အစားထိုးပြေးဆွဲသင့်ကြောင်း အဆိုကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၂) ပထမနေ့တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထူးက တင်သွင်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းက ယာဉ်တိုက်မှုနှင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှု အများဆုံးဖြစ်သော တိုင်းဒေသကြီးဖြစ်ခဲ့ကြောင်း၊ ယင်းအထဲတွင်   ခရီးသွားအများပြည်သူ အများဆုံးအသုံးပြုကြရသော ခရီးသည်တင် ယာဉ်လိုင်းများတွင် ယာဉ်တိုက်မှုပေါင်း ၃၁၈ မှုတွင် သေဆုံးသူ ပေါင်း ၆၀ ဦးနှင့် ဒဏ်ရာရရှိသူ ပေါင်း ၈၂၃ ဦးရှိခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထူး၏ တင်ပြချက်များအရ သိရသည်။
ယာဉ်တိုက်မှုနှင့် ယာဉ်အန္တရာယ် အများဆုံးဖြစ်သော ယာဉ်များမှာ စစ်ကျန်ဘတ်စ်ကားများ၊ ဘီအမ်ကားများ၊ ဒိုင်နာကားများ၊ ဟိုင်းလပ်ကားများ ဖြစ်ကြောင်း၊  စီးတီးဘတ်စ်နှင့် မီနီဘတ်စ်များ၏ ယာဉ်တိုက်မှုမှာ ၄၀ ရာခိုင်နှုန်းသာဖြစ်သည်ကို တွေ့ရပြီး ကြံ့ခိုင်မှုမရှိသော စစ်ကျန်ဘတ်စ်ကားများ၊ ဘီအမ်ကားများ၊ ခရီးသည်တင်မဟုတ်ဘဲ ခရီးသည်တင်ယာဉ်အဖြစ် အသုံးပြုထားသော လိုက်ထရပ်ကားများမှာ ယာဉ်တိုက်မှု ၅၉ ရာခိုင်နှုန်းခန့် ဖြစ်နေသည်ကို တွေ့ရကြောင်း ဦးခင်မောင်ထူး၏ ဆက်လက်တင်ပြမှုများအရ သိရှိရသည်။
“ယာဉ်တိုက်မှုဖြစ်စဉ်တွေမှာ မော်တော်ယာဉ်မောင်းတွေရဲ့ ပေါ့ဆမှုကြောင့်သာမက ယာဉ်များ ကြံ့ခိုင်မှုမရှိခြင်းနှင့် ခရီးသည်တင် ယာဉ်အမျိုးအစားမဟုတ်သော ယာဉ်များ ၀င်ရောက်ပြေးဆွဲနေတာကြောင့် ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ ဒါကြောင့် မိဘပြည်သူများ စိုးရိမ်စိတ်ကင်းဝေးပြီး အဆင့်အတန်းမြင့်စွာ သွားလာရေးအတွက် အဆင့်အတန်းမီသော စီးတီးဘတ်စ်များဖြင့် အမြန်ဆုံး အစားထိုးသင့်ပါတယ်” ဟု ဦးခင်မောင်ထူးက အဆိုတင်သွင်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအဆိုကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းကျော်အောင်က ထောက်ခံပြီး လွှတ်တော်တွင် ဆွေးနွေးရန် လွှတ်တော်က သဘောတူသည့်အတွက် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။