Thursday, November 29, 2012

ကြေးနီစီမံကိန်းအနီးက သပိတ်စခန်းတွေကို အင်အားသုံး ဖြိုခွဲ



2012-11-29
မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြနေကြတဲ့ ဒေသခံတွေနဲ့ သံဃာတော်တွေရဲ့ သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ကြာသပတေးနေ့ မနက် (၃) နာရီဝန်းကျင် အချိန်က ဝင်ရောက်စီးနင်း ဖြိုခွဲခဲ့ပါတယ်။

Photo: RFA/Win Naung Toe
နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၃ နာရီက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်နေသည့် သပိတ်စခန်းများကို လုံထိန်းတပ်ဖွဲ့ဝင်များက အင်အားသုံးဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိလာသည့် သံဃာတော်များကို မုံရွာပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသပေးနေစဉ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက  မီးသတ်ပိုက်တွေ၊ မီးလောင်ဗုံးတွေသုံးစွဲပြီး အင်အားသုံးဖြိုခွဲမှုကြောင့် ဝမ်ပေါင် ကုမ္ပဏီနီရှေ့က ပင်မသပိတ်စခန်းနဲ့  ကျော်ရွာသပိတ်စခန်းတို့မှာရှိတဲ့ ဒေသခံတွေ ဆုတ်ခွာခဲ့ရကြောင်း မြန်မာနိုင်ငံ သိပ္ပံနဲ့ဝိဇာ ကျောင်းသားများကွန်ယက်တာဝန်ခံ ကိုသောင်းထိုက် က ပြောပါတယ်။
"အခြေအနေကတော့ ကျနော်တို့ အခုစခန်း ၂ခုက ကျသွားပြီပေါ့နော်၊ တစ်ခုက သံဃာတော်တွေလည်းရှိတယ်၊ ဝမ်ပေါင်ဆိုဒ်ရှေ့က သပိတ်စခန်းရယ်၊ ဒီဘက်မှာရှိတဲ့ ဒေသခံတွေနေတဲ့ ကီလိုဟိုက်လိုကုမ္ပဏီဆီက သပိတ်စခန်းတစ်ခုရယ် အဲနှစ်ခုက ကျသွားပြီ၊  ဝမ်ပေါင်ဆိုဒ်ရှေ့က  သပိတ်စခန်းရယ်၊ ကီလိုဟိုက်လိုရှေ့မှာရှိတဲ့ သပိတ်စခန်း နှစ်ခုကိုတော့ သူတို့က မျက်ရည်ယိုဗုံးနဲ့ ပစ်ခဲ့တယ်"
အဲဒီလို ဖြိုခွဲရာမှာ မီးလောင်ဗုံးထိမှန်တဲ့ သံဃာတချို့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကြပြီး  သံဃာတော်တချို့ ဖမ်းဆီးခံခဲ့ရတယ်လို့မုံရွာမြို့NLD အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"အဓိက ပထမဖမ်းလိုက်တဲ့ သံဃာခြောက်ပါးကိုတော့ သူတို့ဝမ်ပေါင်က လူနာတင်ယာဉ်နဲ့ မုံရွာဖက်ခေါ်လာတယ်၊ ချင်းတွင်းသောင်ပြင်မှာတော့ လူနာတွေတော်တော်များများရောက်လာလို့ အရေးပေါ်ဆေးကုသပို့ဆောင်ရွက်နေပါတယ်"
မုံရွာမြို့တွင်း လမ်းတချို့ ပိတ်ဆို့ထားပေမဲ့ ဒဏ်ရာရသံဃာတော်(၁၉) ပါးကို မုံရွာ NLD အဖွဲ့ဝင်တွေက ဆေးရုံ ပို့ဆောင်ပေးခဲ့ကြပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ သံဃာတစ်ပါးကိုတော့ မန္တလေးဆေးရုံကို ပို့လိုက် ရတယ်လို့ လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင် ကပြောပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေးမှာ ဒဏ်ရာရသူတွေ ရှိနေတယ်လို့ ကြားသိရလို့ အကူအညီပေးဖို့ စီစဉ်နေတယ်လို့လည်း မုံရွာ NLD အဖွဲ့ဝင် က ပြောပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ ကြာသပတေးနေ့မှာ NLD လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အနီးက ဒေသခံတွေနဲ့တွေ့ဆုံဖို့လာရောက်မယ့် အစီအစဉ်ရှိပါတယ်။
အခုလို လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ အင်အားသုံးဖြိုခွဲခံခဲ့ရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်နဲ့ ဟောပြောပွဲအစီအစဉ်တွေ မူလအတိုင်းပဲဖြစ်ပါလိမ့်မယ်လို့ လွှတ်တော်အမတ် ဦးအုန်းကြိုင် က ပြောပါတယ်။
အခုထိ ထိခိုက်ဒဏ်ရာရရှိသူဦးရေနဲ့ ဖမ်းဆီးခံရသူအရေအတွက် အတိအကျမသိရသေးပါဘူး။
ဒီကနေ့မနက်ပိုင်းက အခြေအနေတွေကို ဝိဇ္ဇာ-သိပ္ပံ ကျောင်းသားများ ကွန်ရက်အဖွဲ့ဝင် ကိုသောင်းထိုက်နဲ့ မုံရွာမြို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ပြောခွင့်ရသူတစ်ဦးကို RFA ဝိုင်းတော်သား ဦးဘအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးဘအောင် အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
အာဏာပိုင်တွေ ဝင်ရောက်ဖြိုခွဲခဲ့တဲ့ အခြေအနေကို RFA ဝိုင်းတော်သား ကိုခင်မောင်စိုး က မေးမြန်း တင်ပြထားပါတယ်။
ကိုခင်မောင်စိုး အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
လက်ပန်တောင်းတောင်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူတွေကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွဲတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မန္တလေး မစိုးရိမ်ကျောင်းတိုက်က ဆရာတော် ဦးဥတ္တမသာရကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုကျော်ကျော်အောင် အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွဲတာနဲ့ပတ်သက်တဲ့ အခြေအနေကို ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို RFA အဖွဲ့သား ကိုသစ်ဆင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။