Friday, September 7, 2012

ရုပ်ရှင် အကယ်ဒမီပေးပွဲ ရန်ကုန်တွင် ပြန်ကျင်းပခွင့် ရရန် စီစဉ်


အကယ်ဒမီ ပေးပွဲအား ရန်ကုန်တွင် ပြန်လည် ကျင်းပ ခွင့်ပြုရန် ပြန်ကြားရေး ဝန်ကြီးထံ တင်ပြထားကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။ “နေပြည်တော်မှာလုပ်တာ အခက်အခဲတွေရှိလို့ ရန်ကုန်မှာ ကျင်းပခွင့် တင်ပြထားတာ ဖြစ်နိုင်ဖွယ် ရှိပါတယ်” ဟု ၎င်းကပြောသည်။ နေပြည်တော်တွင် အကယ်ဒမီပေးပွဲ ကျင်းပခြင်းသည် သိန်းထောင်ချီ ကုန်ကျစရိတ် ရှိနေပြီး အနုပညာရှင်များအား ရုပ်ရှင်အစည်းအရုံးမှ တာဝန်ယူ ပို့ဆောင်ပေးရမှုတွင်လည်း အခက်အခဲ ရှိနေရသည်။ တစ်ဦးချင်းစီ သွားရောက်မှု၌လည်း စားစရိတ်၊ နေစရိတ်၊ ခရီးစရိတ်များ အကြောင်းမဲ့ သက်သက်ကုန်ကျမှု ရှိနေခြင်းကြောင့် အချို့ မတတ်နိုင်သော အနုပညာရှင်များနှင့် ခရီးဝေး မသွားရောက်နိုင်သော သက်ကြီးအနုပညာရှင်များ တက်ရောက်နိုင်ခြင်းမရှိ ဖြစ်နေရကြောင်း သိရသည်။
“နှစ်စဉ်သွားနိုင်ဖို့ ငွေရှာဖွေစုစည်းရတာ ဒုက္ခရောက်တယ်။ အနုပညာရှင်တွေအားလုံး မပါဝင်နိုင်တော့ အနှစ်သာရ ပျောက်တယ်” ဟု ၎င်းက ပြောသည်။ အကယ်ဒမီပေးပွဲအား အနုပညာရှင်များအားလုံး ပါဝင်သည့်ပွဲအဖြစ် ကျင်းပလိုပြီး ရုပ်ရှင်အစည်းအရုံး အနေဖြင့် အကယ်ဒမီဆုကို လာမည့်နှစ်မှ စတင်ရွေးချယ် ပေးအပ်သွားရန်ရှိကြောင်း သိရသည်။ ယခုလက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ ပေးအပ်နေသော အကယ်ဒမီဆုမှာ တစ်နှစ်နောက်ကျနေပြီး ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်စာ အကယ်ဒမီအား အချိန်ကာလတစ်ခုခြား၍ အလျဉ်မီအောင် ပေးအပ်သွားရန်ရှိကြောင်း သိရသည်။ ရုပ်ရှင်အစည်းအရုံးမှ တာဝန် ယူပေးအပ်မည့် အကယ်ဒမီဆု ရွေးချယ်ရေးအတွက် ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ အကယ်ဒမီရုပ်တု အတည်ပြုခြင်း၊ အကယ်ဒမီ ပေးမည့်ရက် အတိအကျ သတ်မှတ်ရေး အစရှိသည့် အချက်များကို ဆွေးနွေးညှိနှိုင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့တွင် ရုပ်ရှင်၊ သဘင်၊ ဂီတစာပေနယ်ပယ်မှ အတတ်ပညာရှင်၊ အနုပညာရှင်ကြီးများဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး အနုပညာအပေါ်ကိုသာ စံနှုန်းသတ်မှတ်ရွေးချယ် သွားမည်ဖြစ်ကြောင်း ဦးဇင်ဝိုင်းထံမှ သိရသည်။ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ် အကယ်ဒမီ ရွေးချယ်ရာတွင်လည်း အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့တွင် ဝါရင့်အနုပညာရှင်ကြီးများမှ ပါဝင် အကဲဖြတ်ခွင့် ပြုရန်နှင့် ရုပ်ရှင်အစည်းအရုံး၏ အဆင့် (၃) ဆင့်မှ ပါဝင်နိုင်ရန် ၂၂ ဦး တင်ပြထားကြောင်း သိရသည်။ ရန်ကုန်တွင် ကျင်းပမြဲ ဖြစ်ခဲ့သည့် အကယ်ဒမီပေးပွဲအား နေပြည်တော်တွင် ၂၀၀၇ ခုနှစ်မှ စတင်ပြုလုပ် ကျင်းပခဲ့ခြင်းဖြစ်သည်။ ဝေယံမိုးမြင့်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။