Friday, September 7, 2012

အရန်ဆန်များရောင်းချပေးနေသော်လည်း ဆန်ဈေးနှုန်းသိသိသာသာကျဆင်းခြင်းမရှိ


ဆန်ဈေးကွက်တွင်း ဈေးနူန်းတည်ငြိမ်သည်အထိ အရန်ဆန်များ ထုတ်လုပ်ရောင်းချရန် ရည်ရွယ် ရောင်းချနေသော်လည်း   ဈေးကွက်အတွင်းဆန်ဈေးနှုန်းသိသိသာသာ ကျဆင်းသွားခြင်း မရှိကြောင်း သိရှိရသည်။

 လုံလောက်တဲ့ ဈေးကွက်အနေအထား ရောက်တဲ့အချိန်အထိ ထုတ်ရောင်းသွားမှာပါ။ အန်ကယ်တို့ လက်ဝယ် သိုလှောင် ထားတာတွေတင်မကဘူး တခြားကရဖို့နည်းလမ်းတွေလည်းရှိတယ်ဟု မြန်မာနိုင်ငဆန်စပါး လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးချစ်ခိုင်ကပြောသည်။

ဈေးကွက်တွင်းဆန်ဈေးနှုန်းတည်ငြိမ်စေရန် အရန်ဆန်များအား စက်တင်ဘာလ (ရက်နေ့မှစတင်ကာ ဝါးတန်းလမ်း ကုန်စည်ဒိုင်တွင်တစ်နေ့လျှင် ဆန်အိတ်ရေ တစ်သောင်း ဝန်းကျင်ရောင်းချလျက်ရှိကြောင်း သိရသည်။

အရန်ဆန် ထုတ်ရောင်းချရခြင်းမှာ ပြည်တွင်းဆန်ဈေးကွက်ဈေးနှုန်းကို ထိန်းကွပ်နိုင်ရန်ရည်ရွယ်ကာ  ပြီးခဲ့သည့် လပိုင်းတွင်းမြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း အရန်ဆန်ရောင်းချရေးကော်မတီမှ ဆန်တန်ချိန် (၄၅၀၀ကျော်အား သမဝါယမအသင်း၊ကုမ္ပဏီခြောက်ခုနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တို့ကို တင်ဒါ စနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အရန်ဆန်တွေကို စရောင်းချနေတဲ့အချိန်ဖြစ်နေတဲ့အတွက် ဝယ်လိုအားရှိနေတယ်။ ဈေးကွက်ကသိပ်တော့ မကျသေးဘူး။ ဒါကလည်း ရက်ပိုင်းအတွင်းလောက်ပါ။ ခဏနေ ပုံမှန်နှုန်းထားအတိုင်းပဲ ဖြစ်လာမှာပါဟု ဆန်ကုန်သည်တစ်ဦးဖြစ်သူ ကိုစိုးဝင်းက သုံးသပ်ပြောကြားသည်။

ဈေးကွက်တွင်း အရန်ဆန်များ ထုတ်ရောင်းချနေပေမယ့်လည်း ဆန်ဈေးနှုန်းများတက်မည်ကို စိုးရိမ်၍ ဝယ်ယူမှုများကြောင့်   ဈေးကွက်အတွင်း ရောင်းအားမြင့်တက်နေပြီး စားသုံးသူဈေးကွက်တွင်း၌ ဆန်ဈေးနှုန်း သိသိသာသာ ကျဆင်းလာမှုမရှိသေးကြောင်း သိရှိရသည်။

သြဂုတ်လနောက်ဆုံးပတ်တွင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းမှ ဆန်ဈေးနှုန်း မြင့်တက် နေခြင်းကို တစ်ဖက်တစ်လမ်းမှ လျော့ချနိုင်ရန်အတွက် အနည်းဆုံး အရန်ဆန် တန်ချိန် ငါးထောင်အား ဈေးကွက်တွင် ဖြန့်ဖြူးခဲ့ပြီး မည်သို့မည်မျှ ရောင်းချမည်ကို မသတ်မှတ်တော့ပဲ ဆန်ဈေးကွက်တည်ငြိမ်လာသည်အထိ အရန်ဆန်များထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများပြောပြချက်အရသိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။