Friday, September 7, 2012

ချယ်ရီကား ကျောက်ဂွမ်း မပါဝင်ဟုဆို

ရန်ကုန် (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ချယ်ရီ ကျူကျူကားများတွင် အဆုတ် ကင်ဆာကို ဖြစ်စေနိုင်သည့် ကျောက်ဂွမ်း Asbestos မပါဝင်ကြောင်း ကြာသပတေးနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ တွင် စက်မှုဝန်ကြီးဌာန၏ အရာရှိတဦးကို ကိုးကား၍ ဖေါ်ပြပါရှိလာသည်။

"မြန်မာနိုင်ငံကို တင်သွင်းတဲ့ ကားအမျိုးအစားက အတန်းအစားအားဖြင့် နိမ့်တဲ့အတွက် ဒီလို ဓာတု ပစ္စည်းကို သုံးစွဲထားခြင်း မရှိဘူးလို့ လက်ရှိမှာ သိထားရပါတယ်။" ဟု စက်မှုဝန်ကြီးဌာနမှ အရာရှိ၏ ပြောဆိုမှုကို ကိုးကား၍ သတင်းစာက ရေးသားသည်။

မြန်မာနိုင်ငံရောက် ချယ်ရီများတွင် Asbestos ပါဝင်ခြင်း ရှိမရှိကို သက်ဆိုင်ရာ ကုမ္ပဏီသို့ မေးမြန်းခဲ့ပြီး "မြန်မာပြည်၌
ရောက်ရှိသည့် ကားများတွင် အဆုတ်ကင်ဆာဖြစ်စေနိုင်သည့် ဓာတ်သတ္တုမျိုး ပါဝင်ခြင်း မရှိဟု ဖြေကြားခဲ့ကြောင်း" ဟုလည်း သတင်းစာက ဖေါ်ပြထားသည်။

သြစတြေးလျရောက် တရုတ်နိုင်ငံထုတ် ချယ်ရီကားများတွင် Asbestos ပါဝင်နေကြောင်း တွေ့ရှိချက်များ ထွက်ပေါ်လာပြီးနောက် မြန်မာရောက် ချယ်ရီများတွင်လည်း ပါဝင်ခြင်း ရှိမရှိ မီဒီယာများတွင် စောကြောမှုများ ထွက်ပေါ်လာအပြီး နိုင်ငံပိုင်သတင်းစာက ဖေါ်ပြလာခြင်း ဖြစ်သည်။

Asbestos ခေါ် ကျောက်ဂွမ်းသည် ကားဘရိတ်ရှုး၊ အပူခံပြားခေါ် Gaskets၊ ဆီထိန်းကွင်း Valve Rings၊ အင်ဂျင်နှင့် ဂီယာပေါက်ကိုဆက်သည့် နေရာတွင်သုံးသည့် ဖလိုင်းဝှီး Flywheels စသည့် ကားပစ္စည်း အစိတ်အပိုင်းများတွင် အသုံးပြုခြင်း ဖြစ်သည်။

အပူခံသတ္တုတမျိုးဖြစ်သော Asbestos အသုံးပြုသည့် လုပ်ငန်းခွင်တွင်း ကြာရှည်နေထိုင်သူများသည် အဆုတ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါကို ဖြစ်စေနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ၂၀၁၀ ခုနှစ် ဇူလိုင်လအတွင်းက ဖေါ်ပြထားသည်။ သို့သော် ၎င်းကို မီးသတ်ဝတ်စုံများ ပြုလုပ်ရာတွင် ထဲ့သွင်း အသုံးပြုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။