Friday, September 7, 2012

 ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ တက္ကစီယာဉ်များ တင်သွင်းခြင်းအတွက် ထောက်ခံချက်ပေးခြင်းကို ခေတ္တရပ်နားထားပြီး ခရီးသည်တင်ယာဉ်များ တင်သွင်းခြင်းအတွက် ဦးစားပေးမည်


ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ တက္ကစီယာဉ်များတင်သွင်းခြင်းအတွက် ထောက်ခံချက်ထုတ်ပေးခြင်းကို ခေတ္တရပ်နားထားပြီး ခရီးသည်တင်ယာဉ်များ တင်သွင်းခြင်းအတွက် ဦးစားပေး ထောက်ခံချက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေးတွင် ခရီးသည်တင်ယာဉ်အများစုမှာ ဟောင်းနွမ်းနေပြီး အဆင့်မမီသောယာဉ်များ ဖြစ်နေကြောင်း၊ ယင်းအတွက်တက္ကစီများထက် ခရီးသည်တင်ယာဉ်များ တင်သွင်းခြင်းအတွက် ဦးစားပေးထောက်ခံချက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
''အခုလက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ တက္ကစီယာဉ်တွေ သွင်းဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ထောက်ခံချက်ထုတ်ပေးခြင်းကို ခေတ္တရပ်ထားတယ်။ ခရီးသည်တင်ယာဉ်ကြီးတွေ အများကြီးသွင်းဖို့အတွက် ထောက်ခံချက်တွေ ဦးစားပေး ထုတ်ပေးသွားမှာဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ တင်သွင်းသော ယာဉ်များအတွက် ထောက်ခံချက်ထုတ်ပေးရာတွင် ခရီးသည်တင်ယာဉ်များထက် အခြားယာဉ်များသာ အများဆုံးဖြစ်ပြီး တင်သွင်းလာခဲ့သော ခရီးသည်တင်ယာဉ်အများစုမှာလည်း ဘုရားဖူးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများတွင် ရောက်ရှိအသုံးပြုနေကြကြောင်း သိရသည်။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ခရီးသည်တင်ယာဉ်များ တင်သွင်းခြင်းအတွက် ဖြေလျော့ပေးမည်ဟု သိရသည်။
''ဖြေလျော့မှုတွေ လုပ်တယ်ဆိုတာကလည်း ကားသွင်းဖို့အတွက် စလစ်ရဖို့ ပိုက်ဆံသိန်း ၈၀ လောက် ကုန်တယ်။ အဲဒီအတွက် စီးပွားကူးသန်းဝန်ကြီးဌာနကို ဆက်သွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်နဲ့ တင်သွင်းခြင်း ဖြစ်တဲ့ကားတွေအတွက် စလစ်အတွက်ဖြေလျော့ပေးဖို့ ဆွေးနွေးပြီးသွားပါပြီ''ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ခရီးသည်ယာဉ်များ တင်သွင်းခွင့်အတွက် ကုမ္ပဏီလေးခုအား ထောက်ခံချက်ထုတ်ပေးခဲ့ပြီး ကုမ္ပဏီတစ်ခုလျှင် အစီး ၁၀၀ ခန့် တင်သွင်းမည်ဟုလည်း စုံစမ်းသိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။