Friday, September 7, 2012

မြိတ်မြို့နယ်တွင် ငါးနှစ်အောက် ကလေးငယ် များ၌ ခဲဆိပ်သင့် မှုတွေ့


မြိတ်မြို့တွင် နေထိုင်သော ငါးနှစ်အောက် ကလေးငယ် များ၌ ခဲဆိပ် သင့်မှုများ တွေ့ရှိရကြောင်း လုပ်ငန်းခွင် ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေး မှူး ဒေါက်တာ ကြည်လွင်ဦးက ပြောကြားသည်။
ထိုသို့ တွေ့ရှိရမှုကြောင့် မြိတ်မြို့ရှိ မြေအောက်ရေတွင် ခဲဆိပ်ပျော်ဝင်မှုမည်မျှရှိသည်ကို နှစ်လကြာ သုတေသနပြုလုပ်မည်ဖြစ်ပြီး လေ့လာတွေ့ရှိ ချက်များကို ယင်းမြို့ရှိ ပြည်သူလူထုအား နိုဝင်ဘာလတွင် အသိပေးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ လေ့လာသောအချိန်ကာလအတွင်း ဖြစ် သောကြောင့် ခန္ဓာကိုယ်အတွင်း မည်သည့်ပမာဏတွေ့ရှိရသည်ကို ပြော၍မရကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။ “ခဲဆိပ်သင့်တဲ့ငါးနှစ်အောက်ကလေးငယ်တွေကို တွေ့ရတာများလို့ လေ့လာဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီကလေးတွေ ဘယ်လောက်ထိခိုက်တယ်ဆို တာတော့ ပြောလို့မရပါဘူး။ ဘာကြောင့်ဖြစ်တယ်၊ ဖြစ်နေတာ ဘယ်လောက်ကြာပြီဆိုတာတော့ လေ့လာနေတုန်းမို့ပါ။ လေ့လာ ပြီးရင်တော့ ပြည်သူလူထုကို တရားဝင်ပြောပြမယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
လေ့လာ သုတေသနပြုခြင်းကို စက်တင် ဘာလတွင် စတင်မည်ဖြစ်ပြီး ရေအရည် အသွေးတိုင်းတာ စစ်ဆေး (PH Level) ပြီး၊ သောက်သုံးရန်သင့်၊ မသင့် ကို လေ့လာ စစ်ဆေးမည်ဟု ဆိုသည်။ သို့သော် ယင်းမြို့အတွက် ရေကို ရေရှည်အသုံးချစီမံခန့်ခွဲမှုပါရှိမည်မဟုတ်သေးဘဲ ဂျပန်နိုင်ငံ တွင်ဖြစ်ပွား ခဲ့သည့် ပြဒါးအဆိပ်သင့်မှုမျိုး မြန်မာနိုင်ငံတွင် မဖြစ်စေရန် လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေသော စက်ရုံ၊ အလုပ်ရုံ များ၏ ရေဆိုးစွန့်ပစ်မှုများကို စံချိန်စံညွှန်းများဖြင့် ထားရှိသင့်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က အကြံပြုသည်။ တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာတစ်နိုင်ငံလုံးတွင် ခဲနှင့် အဖြိုက်နက်သတ္တုသိုက်များအများဆုံးရှိသောနေရာများဖြစ်ပြီး သတ္တုတွင်းတူးဖော်သည့် ကုမ္ပဏီ၁၀၀ (တရားဝင်နှင့် တရားမ၀င်) ကျော်ရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။