Saturday, September 1, 2012

 ကချင်ပြည်နယ်တွင် ယုဇနကုမ္ပဏီမှ ပီလော်ပီနံ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော လယ်ဧက ၂၀၀၀၀၀ ကျော်အနက် ရွာခြောက်ရွာမှ ဒေသခံများ၏ လယ်မြေများအား ပြန်လည်ပေးအပ်ရန် ယာယီသဘောတူညီမှုရရှိ


၂၀၀၆ ခုနှစ်မှစ၍ ကချင်ပြည်နယ်တွင် ပီလောပီနံအား အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော လယ်ဧက ၂၀၀၀၀၀ ကျော်အနက် ကချင်ပြည်နယ်ရှိ ရွာခြောက်ရွာမှ ဒေသခံများ၏ လယ်မြေများအား ပြန်ပေးရန် ယုဇနကုမ္ပဏီနှင့် ဒေသခံရွာသားများ ယာယီ သဘောတူညီမှု ရရှိခဲ့ကြောင်း ဒေသခံများ အရေးဆောင်ရွက်ပေးလျက်ရှိသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင် ဒေါ်ဘောက်ဂျာ၏ ပြောကြားချက်အရ သိရသည်။

သြဂုတ်လ ၂၉ ရက်နေ့တွင် ယုဇနကုမ္ပဏီဥက္ကဋ္ဌ ဦးဌေးမြင့်နှင့် ဒေါ်ဘောက်ဂျာတို့ တွေ့ဆုံဆွေး နွေးခဲ့ရာတွင် ဒေသခံတောင်သူများ၏ လယ်မြေများ ပြန်လည်ရရှိရေးနှင့်နစ်နာကြေးအား  အဓိကထားဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သြဂုတ်လ ၂၉ ရက်နေ့တွင် နေပြည်တော်၌ ဦးဌေးမြင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် ဒေါ်ဘောက်ဂျာက''ကျွန်မအနေနဲ့ အချက်နှစ်ချက်ကို အဓိကထား ဆွေးနွေးခဲ့တယ်။ ပထမတစ်ချက်က လယ်သမားများ လယ်ယာမြေများ ပြန်လည်ရရှိရေးနဲ့ ဒုတိယတစ်ချက်က နစ်နာကြေးပါ။ ဆွေး နွေးညှိနှိုင်းမှုတွေက ယာယီ အောင်မြင်မှု ရရှိခဲ့တယ်လို့ ပြောလို့ရတယ်။ ယာယီဆိုတာက ဒီအတိုင်းစကားနဲ့ပဲ ပြောဖြစ်ခဲ့ကြတဲ့အတွက်ပါ။ ဒီလကုန်ရင်တော့ ဦးဌေးမြင့်နဲ့ လယ်သမားကိစ္စတွေကို အသေးစိတ် အချက်အလက်တွေ ဆက်လက်ဆွေးနွေးသွားမယ်။ နောက်တစ် ကြိမ်ဆိုတာ မရှိအောင်နဲ့ လုံခြုံခိုင်မာမှုရှိအောင် စာချုပ်ချုပ်ဆိုသွားမယ်''ဟု ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ယုဇနကုမ္ပဏီဥက္ကဋ္ဌ ဦးဌေးမြင့်က ကချင်ပြည်နယ်ဒေသခံများ၏ လယ်သမားများ၏ လယ်မြေများဧက ၄၀၀၀ နီးပါးခန့်အား နာမည်ပေါက်သည်အထိနှင့် စိုက်ပျိုးလုပ်ကိုင်နိုင်သည့်အထိ ပြန်လည်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ နစ်နာကြေးအနေဖြင့် တရားရုံးသို့ အယူခံဝင်ရာတွင် ချထားပေးမည့် လျှော်ကြေးအတိုင်း ပေးသွားမည်ဖြစ်ကြောင်း ဒေါ်ဘောက်ဂျာ၏ အတည်ပြုပြောကြားချက်များအရ သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။