Saturday, September 1, 2012

၁၅ သိန်းတန်ဖုန်းများ ပြန်လည်အပ်နှံခွင့် ရှိမရှိကို ရှင်းလင်း


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ယခင် ချထားပေး ခဲ့သော ကျပ် ၁၅ သိန်းတန် ဂျီအက်စ်အမ်ဖုန်းများ ပြန်လည်အပ်နှံခွင့် ရှိမရှိ မေးမြန်းမှုကို ဆက်သွယ်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက  ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
ကျပ် ၁၅ သိန်းတန် GSM ဖုန်းများ ပြန်လည်အပ်နှံခွင့် ရှိမရှိကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ယခင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ချထားပေးသော ၁၅ သိန်းကျော်တန် ဂျီအက်စ်အမ်ဖုန်း ကိုင်ဆောင်ထားသူများ အနေဖြင့် လက်ရှိအချိန်တွင် ယင်းဖုန်းကို ပြန်လည်အပ်နှံရန် ဆန္ဒရှိနေကြကြောင်းနှင့် ယင်းဖုန်းများကို ဝန်ကြီးဌာနများ အနေဖြင့် ပြန်လည်လက်ခံရန် အခက်အခဲရှိပါက အဆိုပါ ဖုန်းများ၏ ဖုန်းပြောဆိုခများကို လျော့ချပေးခြင်းမျိုး ပြုလုပ်ပေးစေလိုကြောင်း တင်ပြမေးမြန်းခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး သင်တန်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက “ကျွန်တော်တို့က ဘာပဲလုပ်လုပ် စာချုပ်နဲ့ လုပ်ပါတယ်။ ဖုန်းငှားရမ်းထားသူတွေအနေနဲ့ ဆက်သွယ်ရေးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ပြန်လေ့လာကြည့်ရင် ကျွန်တော် အဖြေပေးဖို့ လိုမယ်မထင်ပါဘူး” ဟု မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၁၅ သိန်းကျော်တန် ဖုန်းများကို ငှားရမ်းစဉ် ချုပ်ဆိုရသည့် စာချုပ်များမှာ ဌာနမှ လက်ရှိ ပြဋ္ဌာန်းထားသည့် နည်းဥပဒေများကို ငှားရမ်းသုံးစွဲသူက လိုက်နာရမည်။ ငှားရမ်းသုံးစွဲသူက GSM တယ်လီဖုန်းကို ပြန်လည် အပ်နှံလိုလျှင်သော် လည်းကောင်း၊ ဌာနက အကြောင်းတစ်ခုခုကြောင့် ငှားရမ်းသုံးစွဲသူ၏ GSM ဖုန်း အသုံးပြုခွင့်ကို ရပ်စဲလိုလျှင်သော် လည်းကောင်း ဤပဋိဉာဉ်စာချုပ်ကို ရပ်စဲနိုင်သည်။
ဤပဋိဉာဉ်စာချုပ် ရပ်စဲသည့်အချိန်တွင် သဘာဝအလျောက် ဟောင်းနွမ်းယိုယွင်းခြင်းမှ တစ်ပါး ထုတ်ယူသွားစဉ်က အခြေအနေအတိုင်း GSM တယ်လီဖုန်းနှင့် ကိရိယာများကို ငှားရမ်းသုံးစွဲသူက ဌာနသို့ ပြန်လည် ပေးအပ်ရမည်။ ငှားရမ်းသုံးစွဲသူ အနေဖြင့် လျော်ကြေး တစ်စုံတစ်ရာဖြစ်စေ၊ ငှားရမ်းခ ပြန်လည်ထုတ်ပေးရန် ဖြစ်စေ တောင်းခံနိုင်ခွင့် မရှိပါဟူ၍ ပြဋ္ဌာန်းထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။