Saturday, September 1, 2012

ADSL အင်တာနက်လိုင်း အသုံးပြုခများကို လျှော့ချနိုင်ရန် စီစဉ်လျက်ရှိဟုဆို


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများတွင် လျှောက်ထား အသုံးပြုနိုင်သော ADSL အင်တာနက် လိုင်းများကို လျှော့ချ အသုံးပြုနိုင်ရန် အတွက် စီစဉ်လျက် ရှိကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ အဆိုပါ ADSL အင်တာနက်လိုင်းများ၏ မြန်နှုန်းများကိုလည်း သြဂုတ်လဆန်းပိုင်းမှ စတင်၍ မြန်နှုန်း အခမဲ့ နှစ်ဆတိုးမြှင့်ပေးထားကြောင်းလည်း သိရသည်။
မြန်နှုန်း တိုးမြှင့်ပေးရာတွင် UP Link Transmission များ အဆင်ပြေသည့် နေရာများ၌ အင်တာနက် မြန်နှုန်းများကို တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်ပြီး ယခင် 256 kbps မြန်နှုန်းများကို 512 kbps သို့လည်းကောင်း၊ 512 kbps မြန်နှုန်းများကို1 Mbps သို့လည်းကောင်း 1 Mbps သုံးစွဲသူများကို 1.5 Mbps သို့လည်းကောင်း မြန်နှုန်းတိုးမြှင့်ပေးခဲ့ပြီဖြစ်သည်ဟု သိရသည်။
“ADSL အင်တာနက်လိုင်းတွေရဲ့ အသုံးပြုခကို လက်ရှိထက် လျှော့ချနိုင်ဖို့အတွက် အသေးစိတ် ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ပြည်သူတွေအားလုံး အဆင်ပြေစွာနဲ့ အသုံးပြုနိုင်ဖို့အတွက် မြန်နှုန်းတွေ တိုးမြှင့်ပေးခဲ့ပြီးဖြစ်သလို အင်တာနက် အသုံးပြုခတွေပါ လျှော့ချသုံးစွဲနိုင်ဖို့အတွက် ဆောင်ရွက်မှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထို့ပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယခုကဲ့သို့ မြန်နှုန်း တိုးမြှင့်ပေးလိုက်သော်လည်း ဝယ်ယူအသုံးပြုသူများ၏ သုံးစွဲမှု အရေအတွက်ပေါ် မူတည်၍ မြန်နှုန်း ကွာခြားမှု ရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။ ယင်း ADSL အင်တာနက်လိုင်းများကို မြန်မာနိုင်ငံ၏ ISP နှစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့မှ ကနဦး တပ်ဆင်ခ ကျပ်ငါးသိန်းဖြင့် ရောင်းချပေးလျက်ရှိသည်။ ADSL အင်တာနက်လိုင်း၏ နှစ်စဉ်ကြေး FEC 60 ပေးသွင်းရမည်ဟု သိရသည်။
လက်ရှိအချိန်တွင် အဆိုပါ ADSL အင်တာနက်လိုင်းများကို လိုင်းအရေအတွက် တစ်သောင်းကျော် အသုံးပြုနေပြီဟု သိရပြီး ရတနာပုံတယ်လီပို့ အနေဖြင့် လိုင်းပေါင်း ၇၀၀၀ ကျော်ကို ရောင်းချပေးနိုင်ခဲ့ပြီဖြစ်သည်ဟု သိရသည်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် Broadband အင်တာနက် စနစ်ကို လိုင်းအရေအတွက် ၆၀၀၀၀ ကျော် တပ်ဆင် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
“ADSL အင်တာနက်လိုင်းတွေကို လျော့ချအသုံးပြုခွင့်ပေးမယ်ဆိုရင်တော့ သုံးစွဲသူတွေအတွက် များစွာ အဆင်ပြေမှု ရှိလာမှာပါ။ သုံးစွဲခနှုန်းတွေ လျှော့ချပေးဖို့ စီစဉ်သလို အခြား အင်တာနက်မြန်နှုန်းတွေကိုလည်း နိုင်ငံတကာနည်းတူ ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်ပါတယ်” ဟု အိုင်တီကုမ္ပဏီမှ ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။