Saturday, September 1, 2012

အသင်းမှ ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ပထမဆုံးအကြိမ်ကျန်းမာရေးစောင့်ရှောက်မှုပေးမည်


ကိုယ်အင်္ဂါမသန်စွမ်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခမဲ့ဆေးကုသပေးခြင်းအား ပထမဦးဆုံးအနေဖြင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း မှ သိရသည်။

ကျွန်တော်တို့အသင်းက ပထမဆုံးအနေနဲ့ပြုလုပ်တာပါ။ အသင်းဝင်တွေတင်မကပဲ  အသင်းမဝင်ထားတဲ့ ကိုယ်အင်္ဂါချို့တဲ့သူတွေ ကိုလည်း ကုသပေးမှာပါ။ ဆေးပေးဖို့လိုအပ်တဲ့သူကို (၁ဝ)ရက်စာလောက် အခမဲ့ပေးခဲ့မယ်။ ဆေးရုံကိုလွဲရမယ့်သူကိုတော့ နီးစပ်ရာဆေးရုံကို လွဲခဲ့ပေးမှာပါ” ဟု မြန်မာနိုင်ငံကိုယ် အင်္ဂါမသန်စွမ်းသူများအသင်း အထွေထွေအတွင်းရေးမှူးဦးအေးကိုကို ကပြောသည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှုအား စက်တင်ဘာလ (၁၃)ရက်နေ့တွင် ရွှေပြည်သာမြို့နယ် တွင် စတင်မည်ဖြစ်ပြီး သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ အင်းစိန်၊ ကွမ်းခြံကုန်း၊ မှော်ဘီ မြို့နယ်များ တွင်လည်း ပြုလုပ်ပေးသွားရန်စီစဉ်ထားကြောင်းသိရသည်။

၎င်းအခမဲ့ဆေးကုသပေးခြင်းအား မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းမှ ဦးဆောင်ကာ အထွေထွေသမားတော်ကြီး   ဒေါက်တာ ဒေါ်ခင်ဝင်းဝင်းမြင့်မှ မေတ္တာဖြင့်ကူညီကုသပေးသွားမည်ဖြစ်ပြီး ဒေါက်တာဖြိုးကိုကို၊ ဓာတ်ခွဲခန်းဒေါ်မွှေးကြူကြူ ၊ ဒေါ်အေးအေးခိုင် တို့နှင့်ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းမှ တာဝန်ရှိသူများပါဝင်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

သာမာန်လူကောင်းတွေက  ပါးစပ်ကထုတ်မပြောတောင်မသန်စွမ်းသူတွေဟာ အလုပ်ရှုပတယ်ဆိုပြီး အနည်းနဲ့အများတော့   ငြူစူကြတယ်။ စာနာမှုနဲ့ စောင့်ရှောက်မှုလည်း အားနည်းကြတယ်။ သူတို့ကိုစာနာတဲ့အနေနဲ့ဒီအစီအစဉ်လေးကို လုပ်ဖြစ်ဖို့ စဉ်းစားမိတာပါ။” ဟု သမားတော်ကြီး ဒေါက်တာဒေါ်ခင်ဝင်းဝင်းမြင့်က ပြောသည်။

မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းအနေဖြင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (INGO/ NGO ။ )၊အလှူရှင်များနှင့်ပူးပေါင်း၍အခြားပြည်နယ်နှင့် တိုင်းများတွင်လည်းမသန်စွမ်းသူများအား ကူညီဆောင်ရွက်ပေးမှု များလုပ်ကိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံလူဦးရေစုစုပေါင်း၏ (၂  .၃၂) ရာခိုင်နှုန်းမှာ ကိုယ်အင်္ဂါမသန်စွမ်းသူများ ဖြစ်ကြောင်း စစ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများဖွင့်လှစ် ကူညီပေးလျှက်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။