Saturday, September 1, 2012

ပင်စင်လစာကို E-pension စနစ်ဖြင့် ထုတ်ယူနိုင်ပြီ

ပြည်တွင်း ပင်စင်စားများ အနေဖြင့် Smart Card ဖြင့် ပင်စင်လစာ ထုတ်ယူ နိုင်သော E-pension စနစ်ကို မြန်မာ့ စီးပွားရေး ဘဏ်ခွဲ (၂) ၌ စတင် စမ်းသပ်ဆောင်ရွက်လျက် ရှိရာမှ  ယခုအခါ စတင်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
“လက်ရှိအချိန်တော့ Smart Card နှင့် ပင်စင်ထုတ်လို့ရတဲ့ E-pension စနစ်ကို စမ်းသပ်ဆောင်ရွက်နေရာမှာ ဒီလ နောက်ဆုံးပတ်က စပြီး ထုတ်ယူခွင့် ပေးနေပါပြီ။ ဒီစနစ်က ကွန်ပျူတာတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ရတာဆိုတော့ အရင်ကထက် ပင်စင်ထုတ်ယူမှု ပိုအဆင်ပြေလာမှာပါ ” ဟု မြန်မာ့စီးပွားရေးဘဏ်မှ အထွေထွေမန်နေဂျာ ဦးလှမြင့်အောင်က ပြောသည်။
အဆိုပါ E-pension စနစ်ကို စမ်းသပ် ဆောင်ရွက်ပြီးပါကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်အဆင့်ရှိ ဘဏ်ခွဲကြီးများတွင် ပင်စင်လစာများကို ထုတ်ပေးသွားမည် ဖြစ်သည်။ ထို့ပြင်နောက်ပိုင်း ကာလများ၌လည်း မြန်မာတစ်နိုင်ငံလုံး အတွင်းရှိ ဘဏ်များတွင် အလွယ်တကူ ထုတ်ယူနိုင်ရန်အတွက် အဆင့်ဆင့် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု သိရသည်။
“ဒီစနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ပြီးရင်တော့ အရင်ကလို အချိန်ကြန့်ကြာမှုတွေ ရှိတော့မှာ မဟုတ်ပါဘူး။ ပင်စင်စားတွေ အတွက် ထုတ်ပေးထားတဲ့ Smart Card ကို ကွန်ပျူတာနဲ့ စီစစ်ပြီး အမြန်ဆုံး ထုတ်ပေးနိုင်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
E-pension စနစ်ဖြင့် ပင်စင်လစာ ထုတ်ယူနိုင်ရန်အတွက် ပင်စင်စားများအနေဖြင့် ဓာတ်ပုံ၊ လက်ဗွေနှင့် ထိုးမြဲလက်မှတ် များကို မြန်မာ့စီးပွားရေးဘဏ်များနှင့် ချိတ်ဆက်၍ အမြန်ဆုံး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။
“အရင်က လစာထုတ်ဖို့ ပင်စင်စာအုပ်ထပ်ပြီး စောင့်ရတာ အချိန် အတော်ကြာတယ်။ ဒီစနစ်က ကတ်ပေးပြီးရင် ချက်ချင်း ထုတ်ယူနိုင်တယ်ဆိုတော့ စောင့်ဆိုင်းမှုတွေအတွက် စိတ်အေးရမှာပါ” ဟု တာမွေမြို့နယ်ရှိ ပင်စင်စားတစ်ဦးက ပြောသည်။

1 comment:

  1. ယခု သတင်းအား www.sawkyawoo.com တွင်ဖေါ်ပြပေးထားပါကြောင်းနှင့် နောင်ကိုလည်း ထူးခြားသတင်းများကို
    sawkyawoo8888@gmail.com ကိုပေးပို့ နှိုင်ပါသည်။

    ReplyDelete

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။