Saturday, September 1, 2012

 မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများမှ ၉၂-ပါဂျောင်ရှင်းတမ်း သတင်းစာရှင်းလင်းပွဲပြုလုပ်


ABSDF1
မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(မြောက်ပိုင်း) ကျောင်းသား ရဲဘော်ဟောင်းများမှ ရှင်းလင်းပြောကြားနေစဉ်
မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများမှ ၉၂-ပါဂျောင်ရှင်း တမ်းသတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၃၁ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။  

အဆိုပါ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းမှာ မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း)တွင် ကျဆုံးခဲ့သူများ၏ မိသားစုဝင်များမှ တရားရေးဆိုင်ရာ လမ်းကြောင်းများဖြင့် ချဉ်းကပ်ဖြေရှင်းမှုများတွင် ပူးပေါင်း ကူညီဆောင်ရွက်ရန်၊ ဒီမိုကရက်တစ် လူ့ဘောင်တည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သော တရားစီရင်ရေးမဏ္ဍိုင်၏ အရေးပါမှုနှင့် တရားဥပဒေစိုးမိုးမှုကို အလေးထားသော လူ့အဖွဲ့အစည်းဖြစ်ကြောင်း သက်သေပြရန်၊ မြောက်ပိုင်းဖြစ်စဉ်အား နှစ်ရှည်လများ ထိန်းသိမ်းထားရသော အကြောင်းအရင်းကို ရှင်းလင်းတင်ပြရန် ရည်ရွယ်ကြောင်းသိရသည်။
အသက်ရှင် လွတ်မြောက်ခဲ့သူတစ်ဦးဖြစ်သည့် ကိုညီညီကျော်က "ကျွန်တော်တို့ ဒီလိုပြောခွင့်ရဖို့ အနှစ်နှစ်ဆယ်လောက် စောင့်ခဲ့ရတယ်။ ကျွန်တော်တို့တွေဟာ မသေချင်ပါဘူးလို့ ဆုတောင်းခဲ့တာ မဟုတ်ပါဘူး။ အမှန် တရားကို ပြန်လည်ဖြေရှင်းခွင့်ရပါစေလို့ ဆုတောင်းခဲ့တာပါ။ အားလုံးသာ သေခဲ့မယ်ဆိုရင် အမှန်တရားပေါ်ပေါက်မှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် လွတ်မြောက်လာပေမယ့် အမှန်တရားကို ပြောခွင့်မရခဲ့ပါဘူး။ ကျ ဆုံးသွားသူတွေရဲ့ ခံစားချက်နဲ့လည်း သွေဖယ်မယ့် ဖြေရှင်းမှုမျိုးလည်း မလုပ်ချင်ပါဘူး။ ဒါပထမဆုံးအကြိမ် တရားဝင် ပြောခွင့်ရတာပါ။ ပြောသင့်တဲ့အချိန်လို့လည်း ယူဆလို့ပါ"ဟု ပြောပြခဲ့သည်။
ထို့ပြင် သေဆုံးသွားခဲ့သူများက စစ်ထောက်လှမ်းရေးဟု မတရား စွပ်စွဲသတ်ဖြတ်ခံရသူများမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်သည့် တော်လှန်ရေး ကျောင်းသားများသာ ဖြစ်ကြောင်းနှင့် သမိုင်းအမှန် ကို ပြန်လည်ဖော်ထုတ်ရန် မတရား စွပ်စွဲချက်များကို ပြန်လည်ချေဖျက်ရန် တောင်းဆိုမှာ ကြားခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် လွတ်မြောက်လာသည့် မြောက်ပိုင်း ကျောင်းသားဟောင်းများက ပြောပြခဲ့ကြ သည်။
ထိုပြင် မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်းများက အချက်ခြောက်ချက် ပါဝင်သော သဘောသားကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်း သဘောထားကြေညာချက်တွင် တရားရေး မဏ္ဍိုင် တောင့်တင်းခိုင်ခံရေးအတွက် နိုင်ငံသား တစ်ဦးချင်းစီကပါ ဖြောင့်မတ်မှန်ကန်သော တရားစီရင်ရေးစနစ်အား ကောင်းလာစေရန် ၀ိုင်းဝန်း ဆောင်ရွက်သင့်သည်ဟု ယုံကြည်ပါကြောင်း၊ အမိန့်အာဏာများ၏ သက်ရောက်မှုကြောင့် ပေါ်ထွက်လာသော ဖြစ်ရပ်ဆိုးများကို တရားမျှတသော တရား စီရင်ရေးရှေ့မှောက်သို့ ပို့ဆောင်ပေးခြင်းဖြင့် နိုင်ငံ၏ ဂုဏ်သိက္ခာ မြင့်မားလာစေရုံသာမက နိုင်ငံသားတိုင်း တရားမျှတသော ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်မှုတစ်ရပ် ဖြစ်စေနိုင်သည်ဟု ယူဆပါကြောင်းနှင့် အတိတ်ကာလ၌ ၎င်းတို့ကြုံတွေ့ခဲ့ရသည့် ခါးသီးသော အတွေ့အကြုံများ၊ ဆုံးရှုံးနစ်နာမှုများအပေါ် အမုန်းတရား အာဃာတများ မွေးဖွားနေခြင်းထက် ယနေ့အချိန်တွင် နောင်မျိုးဆက်သို့ သမိုင်းသင်ခန်းစာ မျှဝေရန်စသည့်အချက် များပါဝင်သည်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပေါ်ပေါက်ထွန်းကားလာစေရန် ရည်ရွယ်သည့် ရှစ်လေးလုံး လူထုတော်လှန်ရေးတွင် အနယ်နယ်အရပ်ရပ်ရှိ ကျောင်းသား ကျောင်းသူ လူငယ်များသည် စစ်အဏာရှင်အစိုးရကို လက်နက်စွဲကိုင် တော်လှန်ရန် ဆုံးဖြတ်ချက်ဖြင့် လက်နက်ကိုင် တော်လှန်ရေး စစ်စခန်းအသီးသီးသို့ သွားရောက် ပူးပေါင်းခဲ့ကြကြောင်းလည်း အဆိုပါ အဖွဲ့မှ ထုတ်ပြန်သော အချက်အလက် များအရ သိရသည်။
၁၉၉၁ခုနှစ် သြဂုတ်လ ၈လေးလုံး သုံးနှစ်ပြည့် အခမ်းအနားကျင်းပရန် စီစဉ်နေစဉ် ABSDF (ဗဟို)မှ တပ်သားစိုးမင်းအောင် ထွက်ပြေးရာ ဖမ်းဆီးခဲ့ပြီး ဗန်းမောခရိုင်တွင် ကျောင်းသား ထောက်လှမ်းရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ၎င်း၏ ထွက်ဆိုချက်အရဟုဆိုကာ နောက်ထပ်ဖမ်းဆီးမှုများကိုလည်း ဆက်လက် ပြုလုပ်ခဲ့ကြောင်း စုစုပေါင်း ၁၀၇ဦးအား ဖမ်းဆီးစစ် ဆေးခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးစစ် ဆေးနေစဉ်အတွင်း ၃၈ဦးအား ညှင်း ပမ်း နှိပ်စက်သက်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ ၁၉၉၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့ တစ်ရက်တည်း၌ အထက်ဗမာပြည် ဗကသ ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် အ၀ါအ၀င် လူ ၁၅ဦးအား သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ၆၉ဦး အသက်ရှင် လွတ်မြောက်ခဲ့ကြောင်းသိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။