Saturday, September 1, 2012

 အင်းလေဒေသပတ်ဝန်းကျင်တွင် ဟိုတယ်များ ပိုမိုလိုအပ်လာသည့်အတွက် ဟိုတယ်ဇုန်တစ်ခု ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေ


အင်းလေးဒေသပတ်ဝန်းကျင်တွင် ဟိုတယ်များ ပိုမိုလိုအပ်လာသည့်အတွက် ဟိုတယ်ဇုန်တစ်ခု ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ သိရှိရသည်။

ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ်က ရှမ်းပြည်နယ် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ညောင်ရွှေမြို့နယ်တွင် ပြုလုပ်ခဲ့ပြီး ယင်းအလုပ်ရုံဆွေးနွေးပွဲ၌ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်မှုသည် ၂၀၁၂ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းခန့် တိုးတက်လာပြီး အဓိကခရီးစဉ်ဒေသများတွင် ဟိုတယ်အခန်းလိုအပ်ချက်များ မြင့်တက်လာကာ ယင်းအနက် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး ဒေသတို့ ပါဝင်နေသည်ဟု ခရီးသွားလုပ်ငန်းနယ်ပယ်မှ သိရှိရသည်။ 
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ အချက်အလက်များအရ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ပေါင်း ၇၃၁ ခုရှိပြီး အခန်းအရေ အတွက် ၂၅၀၀၂ ခန်းရှိနေသည်။
အင်းလေးကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၁၅ ပေတွင် တည်ရှိပြီး ရှားပါးသည့် သဘာဝရေချိုကန်ဖြစ်သည်။ 
''အင်းလေးလို သဘာဝလှပတဲ့ ဒေသတစ်ခုရှိတာ မြန်မာနိုင်ငံက တော်တော်ကံကောင်းပါတယ်။ လူနေမှုပုံစံကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်''ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(UNWTO) မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်မြို့၌ ဇူလိုင်လ အတွင်းက ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲတစ်ခု၌ ပြောကြားခဲ့သည်။
အင်းလေးဒေသသည် မြန်မာနိုင်ငံ၌ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေပြီးလျှင် နိုင်ငံခြားသားဧည့်သည်များ စိတ်ဝင်စားမှုများပြားသော၊ ကျော်ကြားသော ခရီးသွားဒေသတစ်ခုဖြစ်သည်။ အင်းလေးတွင် သဘာဝအလှတရားများကို လေ့လာ တွေ့ရှိနိုင်ခြင်း၊ ကမ္ဘာပေါ်၌ မည်သည့်နေရာတွင်မျ တွေ့နိုင်ခြင်းမရှိသည့် လှေကို လက်နှင့် ခြေနှင့်လှော် သောအလေ့မှာ အင်းလေးတွင်သာ တွေ့ရှိနိုင်ခြင်း၊ တစ်ရွာတွင် လက်မှုလုပ်ငန်းတစ်မျိုးကို လေ့လာနိုင်ခြင်းနှင့် တိုင်းရင်းသားတို့၏ လူနေမှုကို လေ့လာနိုင်ခြင်းတို့သည် အင်းလေးဒေသ၏ ခရီးသွားဆွဲဆောင်မှုများပင်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်ဒေသကြီးအတွင်း ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားသားဧည့်သည်များ စိတ်ဝင်စားမည့် ခရီးစဉ်နေရာသစ်များ ဖော်ထုတ်ရန် လိုအပ်သကဲ့သို့ အင်းလေးကန်၊ ရေပူစမ်း၊ ထန်စမ်းဂူ စသည့် သဘာဝ ခရီးစဉ်ဒေသနေရာများကို ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်က ရှမ်းပြည်နယ်အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ 
မြန်မာနိုင်ငံတွင် တည်ရှိနေသည့် ဟိုတယ်ဇုန်များမှာ ရန်ကုန်ဇုန်၊ မန္တလေးဇုန်၊ ပုဂံဇုန်၊ တောင်ကြီးဇုန်၊ ချောင်းသာဇုန်၊ ရခိုင်ဇုန်၊ မော်လမြိုင်ဇုန်၊ ရွှေတြိဂံဇုန်၊ ပဲခူးဇုန်၊ ငွေဆောင်ဇုန် စသည်တို့ ဖြစ်ကြသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။